အလွဲသုံးစားလုပ်မှု၊ ပြည့်တန်ဆာရှာပေးမှု စွပ်စွဲချက်တွေ ရင်ဆိုင်နေရတဲ့ BIGBANG အဖွဲ့ဝင်ဟောင်း Seungri ကို ဖမ်းဝရမ်း ထုတ်သင့်၊ မသင့် ဆုံးဖြတ်ဖို့ မေလ ၁၄ ရက်နေ့မှာတော့ ဆိုးလ် ဗဟိုခရိုင် တရားရုံးမှာ ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။
ဆိုးလ် ဗဟိုခရိုင်တရားရုံးကို အသက် ၂၈ နှစ်အရွယ် Seungri က မနက် ၁၀ နာရီလောက်မှာ ကြားနာမှုကို တက်ရောက်ဖို့ ရောက်လာခဲ့ပါတယ်။ စွပ်စွဲချက်တွေကို ဝန်ခံလိုက်တာရှိ၊ မရှိ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ သူကဖြေကြားခဲ့တာ မရှိပါဘူး။
သူဟာ ၂၀၁၅ ခုနှစ်တုန်းက စီးပွားရေး ပါတနာ Yuri Holdings ကုမ္ပဏီအကြီးအကဲဟောင်း Yoo In-suk နဲ့အတူ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေအတွင် ပြည့်တန်ဆာဝန်ဆောင်မှု စီစဉ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ ပြည့်တန်ဆာဝန်ဆောင်မှုအတွက် အခကြေးငွေ ပေးခဲ့တယ်လို့လည်း သံသယရှိခံ ထားရပါတယ်။
သူဟာ ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတဲ့ ဆိုးလ် တောင်ပိုင်းက Burning Sun ကလပ်မှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းက ဝမ်ငွေ သန်း ၅၃၀ အလွဲသုံးစားမှု စွဲချက်နဲ့လည်း ရင်ဆိုင်နေရပါသေးတယ်။
Burning Sun ကလပ်ဟာ Seungri နဲ့ အခြား Kpop စတားတွေ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မူးယစ်ဆေးဝါး အမှုတွေမှာ အခရာကျတဲ့ နေရာမှာ ရှိနေပါတယ်။ မူးယစ်ဆေးသုံးစွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခရိုင်ရဲတပ်ဖွဲ့နဲ့ အကျင့်ပျက် ပူးပေါင်းမှုတို့တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ အဲ့ဒီကလပ်ကို ပိတ်ထားခဲ့တာပါ။
တရားရုံးမှာကတော့ မေလ ၁၄ ရက်နှောင်းပိုင်းမှာ ဖမ်းဝရမ်း ထုတ်မယ်၊ မထုတ်ဘူး ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ Seungri ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူဟာ အခုထောင်ထဲ ရောက်နေတဲ့ အဆိုတော် Jung Joon-young နဲ့ မိုဘိုင်း စကားပြောခန်းတခုထဲမှာ အမျိုးသမီး ၁၀ ဦးကို လျှို့ဝှက်ညစ်ညမ်းဗီဒီယိုရိုက်ကူးထားတာကို ဝေမျှခဲ့တယ်လို့ စွပ်စွဲခဲထားရတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။
Ref:Yonhap