ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ခိုင်သင်းကြည်က မင်းသမီးဖြစ်တော့မှ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်ပြီး အဆင်ပြေသလို နေတတ်လာတယ်လို့ ဆိုပါတယ်။
“မခိုင်တို့က ကြည့်တော့သာ ရုပ်ရှင်မင်းသမီးတွေ၊ မင်းသားတွေ။ နယ်ထွက်ရတဲ့အခါ ရှေ့တန်းထွက်ရတဲ့သူလို့ စဉ်းစားမိတယ်။ ငယ်ငယ်တုန်းက ကိုယ့်အဖေတွေ ရှေ့တန်းထွက်သွားပြီဆိုရင် သူတို့ အနေ၊ အစား ဆင်းရဲမှာပဲလို့ တွေးမိတယ်။ ကိုယ်ထွက်သွားပြီဆိုရင် အိမ်ကလူတွေက စိတ်မကောင်းကြဘူး”
“ကိုယ်သွားပြီဆိုရင် ၂လလောက် အိမ်မပြန်ရတာ ရှိတယ်။ တကားနဲ့တကား ကြားထဲမှာ ပြန်လို့မရတာတွေရှိတော့ ဘယ်လောက်ပဲ ဟိုတယ်တွေမှာ ထားထား၊ ကိုယ့်အိမ်မှာလိုတော့ အဆင်မပြေဘူးပေါ့။ ကိုယ့်မိသားစုနဲ့ ခွဲရတာကြာတော့ စိတ်အားတွေ ငယ်တာပေါ့။ မခိုင်တို့ ဒီထက်ဆိုးဝါးတဲ့နေရာမှာလည်း နေရပါတယ်။ မင်းသား၊ မင်းသမီးဖြစ်တော့မှ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်။ Toilet တွေဘာတွေ သွားတတ်သွားတာ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။
ခိုင်သင်းကြည်က လက်ရှိ ရိုက်ကူးနေတဲ့ “ဇာတ်လိုက်” ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားက ၁၉၈၀ ပြည့်ဝန်းကျင်ကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“မခိုင်တို့ ဇာတ်လိုက် ဇာတ်ကားမှာ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်ပုံစံပေါ့။ မခိုင်တော့ ၁၉၈၀ ဆိုတော့ အရမ်းကြီးတော့ နောက်မကျတော့ဘူး။ ဒါပေမယ့်လည်း မခိုင်တို့က နယ်ပုံစံလေး ဝတ်ရမှာ။ ဖြစ်ရပ်မှန်တွေ မရိုက်ဖူးဘူး။ ဒီကားက ဖြစ်ရပ်မှန်ကားလေးပေါ့”လို့ ခိုင်သင်းကြည်က ဆိုပါတယ်။
သရုပ်ဆောင် ခိုင်သင်းကြည်က ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ “အနုပညာအလုပ်ကို အရမ်းဝါသနာကြီးလို့ လုပ်တာ လက်တလောရိုက်ဖို့ စီစဉ်ထားတာတွေက မခိုင်က ဇာတ်လမ်းတွဲရိုက်ဖို့ ရှိတယ်။ ဆရာမ ခင်ခင်ထူးထူးဇာတ်ကို ဒါရိုက်တာက ကိုဇော်မြင့်ဦး ရိုက်မယ်။ စက်တင်ဘာ၊ အောက်တိုဘာလောက်ထိတော့ ဖြစ်သွားမယ်”
“အနုပညာအလုပ် လုပ်တယ်ဆိုတာ ဝါသနာပါလို့လုပ်တာ သူများတွေလို နာမည်ကြီးချင်လို့၊ အောင်မြင်ချင်လို့ စီးပွားရေးအရ လုပ်တာ ရှိတယ်။ မခိုင်က စီးပွားရေးအရ လုပ်တာလည်း မဟုတ်ဘူး။ အရမ်း ဝါသနာပါလို့ လုပ်ရင်းကနေ ဒါကို စီးပွားရေးတရပ်အနေနဲ့ ဖြစ်သွားတာ။ စီးပွားရေးအနေနဲ့လုပ်ဖို့ ဝင်လာတာလည်း မဟုတ်ဘူး”လို့ ခိုင်သင်းကြည်က ပြောပါတယ်။
ခိုင်သင်းကြည်ဟာ အနုပညာသက်တမ်း နှစ် ၂၀ ကျော်လို့ နှစ် ၃၀ ကို ရောက်ရှိတော့မှာပါ။ သူမဟာ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့သူဖြစ်ပြီး သူမရဲ့ အနုပညာမှတ်တိုင် တခုအနေနဲ့ ၂၀၁၃ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို “စုန်းပြူး’’ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။
နောက်ထပ်လည်း ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “ကောင်းကျိုးကိုယ်၌ တည်စေမင်း”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် ထပ်မံ ရရှိခဲ့ပါတယ်။