သရုပ်ဆောင် မြနှင်းရည်လွင်က မကြာသေးခင်ကပဲ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံမျိုး ဝတ်ဆင်ပြီး အလှဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။ ဒီပုံများကို အွန်လိုင်းပေါ်က ပရိသတ်များက သဘောကျ နှစ်ခြိုက်ခဲ့ကြပြီး ဒီလိုဓာတ်ပုံ ရိုက်ကူးမှုအပေါ် စိုးရိမ်စိတ်တော့ ရှိခဲ့တယ်လို့ မြနှင်းရည်လွင်က ဧရာဝတီကို ပြောပါတယ်။
“ဓာတ်ပုံဆရာ မောင်လေး ရဲထွဋ်ပေါ့နော်။ သူက ကမ်းလှမ်းလာတာ။ သူ့ရဲ့ Project တခု လုပ်စရာ ရှိတယ်၊ အမေစုလို Inspire ယူပြီးရိုက်မယ်ဆိုတော့ ကိုယ်လည်း ဒီလို ကမ်းလှမ်းခံရတာ ဂုဏ်ယူတာပေါ့။ ကိုယ်က သရုပ်ဆောင်ဆိုတော့ ကိုယ့်ကို ကမ်းလှမ်းလာတော့ ကိုယ်နဲ့ အဆင်ပြေလောက်မယ် ထင်လို့လည်း လက်ခံ ရိုက်ဖြစ်တာပါ။ မတူဘူးဆိုတာ သိပေမယ့် ဝမ်းသာရတာပေါ့နော်။ မျက်နှာက ဒီအတိုင်းကြည့်ရင်တော့လည်း မတူဘူးပေါ့နော်”
“ဒါပေမယ့် ရုတ်တရက်လေးတွေ ပုံစံအနေအထားက သွားဆင်တာမျိုး ဖြစ်မှာပေါ့။ အဲဒီလိုကြောင့်ပဲ လူတွေက တူတယ်လို့ မြင်သွားတာပေါ့နော်။ မတူဘူးပြောတဲ့သူလည်းရှိသလို တူတယ်လို့ပြောတဲ့သူတွေလည်း ရှိပါတယ်”လို့ သရုပ်ဆောင် မြနှင်းရည်လွင်က ပြောပါတယ်။
“အမေစုနဲ့ ရုပ်ဆင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မခံယူထားပါဘူး။ ချွတ်စွပ်တော့ မတူပါဘူး။ အမြင်အားဖြင့် ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် ဆင်တယ်ဆိုတဲ့ အနေအထား သဘောမျိုးလောက်ပဲ ရိုက်ချင်တာဆိုတော့ ဓာတ်ပုံ ဆရာကလည်း အစ်မက မြန်မာဝတ်စုံ အဝတ်များလို့ လိုက်လောက်မယ်ထင်လို့ ကမ်းလှမ်းတာပါ။ အဲဒါနဲ့ အခုလို သူ့အိုင်ဒီယာလေး အကောင်အထည်ဖော် ရိုက်ဖြစ်တာပါ”လို့ မြနှင်းရည်လွင်က ဆိုပါတယ်။
ဆက်လက်ပြီး သူက “ဒါကြောင့်လည်း မျက်လုံးက အရမ်းကြောက်နေတဲ့ ပုံစံ ပေါက်တာပေါ့နော်။ ကိုယ်က အမှားပါသွားမှာ စိုးရိမ်တာပေါ့နော်။ ကိုယ်တွေက နိုင်ငံရေးလည်း လုပ်တာ မဟုတ်ဘူးပေါ့နော်။ ဒါက အမေစုနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုချင်တဲ့သဘောပါ” လို့ ပြောပါတယ်။
“အမေစုရဲ့ ပုံစံမျိုးက လူတိုင်း လေးစားအားကျရတဲ့ လူဆိုတော့ ဒီဟာကိုပဲ Inspire ယူလိုက်တာဆိုတော့ အရိုက်ခံလိုက်တယ်။ ဒါပေမယ့် ကိုယ်က စိုးရိမ်တာပေါ့နော်။ အမေစုလို မျက်လုံးမျိုးတော့ ဘယ်ရမလဲ၊ ကိုယ်က ကြောက်နေတဲ့ မျက်လုံး ဖြစ်နေတာပေါ့နော်”လို့ မြနှင်းရည်လွင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မဆုံဖူးတဲ့ မြနှင်းရည်လွင်က အကယ်ဒမီပေးပွဲမှာပဲ အဝေးက မြင်ဖူးတယ်လို့ ဆိုပါတယ်။
“အမေစုနဲ့ အပြင်မှာ မဆုံဖူးပါဘူး။ အကယ်ဒမီပေးပွဲမှာပဲ အဝေးက လှမ်းမြင်ဖူးတယ်။ အရင်အချိန် အမေစု အိမ်ရှေ့ခြံတံခါးကနေ ဟောပြောတာမျိုးကို ကားနဲ့ အရှေ့က ဖြတ်သွားရင်း လှမ်းမြင်တာမျိုးပဲ မြင်ဖူးပါတယ်။ သက်သက်ကြီး မဆုံတွေ့ဖူးပါဘူး။ အမေစုဆီက အားကျရတဲ့အချက်ရယ်လို့ သက်သက် မရှိပါဘူး။ သူ့ရဲ့ အရာအားလုံးကို လေးစားအားကျပါတယ်”
“အဓိကကတော့ စိတ်ဓာတ်ပါ။ အမေစုနဲ့ ဆုံခဲ့ရင် ပြောမယ့် စကားထက် အမေစုကိုယ့်ကို ပြန်ပြောမယ့် စကားကိုကြားရင်ပဲ ရင်တုန်ပြီး စိတ်လှုပ်ရှားနေမှာပါ။ ဘာပြောရမလဲ စဉ်းစားကြည့်လို့ မရသေးဘူး”လို့ မြနှင်းရည်လွင်က ပြောပါတယ်။
သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ “ဧဒင်ရဲ့နတ်သမီး”ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ်လောက် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး နောက်ပိုင်း ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကို ပြန်လည် လက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
You May Also Like These Stories:
မွေးနေ့အလှူ လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် လူမင်း
ဗိုက်မှဖောက်ကာ မစင်စွန့်နေရတဲ့ ကလေးငယ်ကို ခွဲစိတ်ဖို့ လှူဒါန်းခဲ့တဲ့ ဆုပန်ထွာတို့ မိသားစု
“အခုချိန်မှာ ဆင်ဆာမိမှာကို အကြောက်ဆုံးပဲ”လို့ ပြောလာတဲ့ ခရစ္စတီးနားခီ
ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်