ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား George Clooney က ၂၀၂၀ ပြည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးလုပ်ဖို့ သူ့မှာ သင့်လျော်တဲ့ ကျွမ်းကျင်မှု မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ မင်းသား Clooney ဟာ ၂၀၁၆ ခုနှစ်မှာ သမ္မတ Donald Trump အာဏာရလာခဲ့ပြီးတဲ့နောက် သမ္မတကို အများသိ ဝေဖန်ခဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေက သူဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့မှာ ဖြစ်တယ်လို့ ယုံကြည်လာကြပါတယ်။ ဒါပေမယ့် အသက် ၅၈ နှစ်အရွယ် မင်းသားကတော့ သူ့အတွက် နိုင်ငံရေးဟာ သင့်လျော်တဲ့ နေရာမဟုတ်ဘူးလို့ ထင်မြင်ထားပါတယ်။
မင်းသားက “ကျနော် နိုင်ငံရေးလောကထဲကို ဝင်ရောက်မှာ မဟုတ်ပါဘူး။ ကျနော့်မှာရှိတဲ့ ကျွမ်းကျင်မှုတွေနဲ့ လျှောက်ထားလုပ်ကိုင်နိုင်မယ့် အရမ်းသင့်လျော်တဲ့ နေရာတခုလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေ လုပ်သလိုမျိုး ကျနော်ယုံကြည်တဲ့ အရာတွေနဲ့ ကျနော် ရပ်တည်တဲ့ အရာတွေအတွက် ကတိကဝတ် မပြုနိုင်သေးပါဘူး။ ဒါကြောင့် ကျနော် စိတ်ဝင်စားတဲ့အရာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
FemaleFirst မီဒီယာရဲ့အဆိုအရ မင်းသားဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့၊ ရောမမြို့မှာ ပြုလုပ်ခဲ့တဲ့ “Catch 22” စီးရီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုတချို့ ရှိခဲ့ပါတယ်။ အဲဒီ ရုပ်သံစီးရီးကို Hulu ကနေ ထုတ်လွှင့်မှာ ဖြစ်ပြီး သူကိုယ်တိုင် ပါဝင် သရုပ်ဆောင်၊ ပူးတွဲရိုက်ကူး၊ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Clooney က လက်ရှိ အချိန်မှာ လူတွေဟာ အာဏာရှင်စနစ်ဆီ ပြန်သွားနေတာနဲ့ ပတ်သက်လို့ ကြောက်လာမိတယ်လို့ ဆိုပါတယ်။
“အခုအချိန်ဟာ ကမ္ဘာတဝန်းမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ အချိန်ပါ။ လူတွေဟာ အာဏာရှင် စနစ်ဆီ ပြန်သွားနေကြပါတယ်။ စာနယ်ဇင်းတွေကတော့ အဲဒါနဲ့ ပတ်သက်လို့ အလုပ်ကောင်းကောင်း လုပ်နိုင်ကြတယ်။ ကျနော်က အကောင်းမြင်သမား ဖြစ်ချင်ပါတယ်။ ကိစ္စတွေက ဒီလို တပတ်လည်လာမယ် ဆိုရင်တော့ နောက်တကြိမ် ရွေးကောက်ပွဲ သံသရာကြီးထဲကို ပြန်ရောက်သွားဦးမှာပါပဲ”လို့ သူက ပြောဆိုခဲ့ပါတယ်။
“Ocean’s Eleven” မင်းသား Clooney ဟာ ၂၀၀၈ ခုနှစ်ကစလို့ ကုလသမဂ္ဂငြိမ်းချမ်းရေး စေတမန်တဦးအနေနဲ့ ထမ်းဆောင်နေတာဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး ကောင်စီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ သူဟာ လူ့အခွင့်အရေးရှေ့နေ Amal Clooney နဲ့လည်း လက်ထပ်ထားသူ ဖြစ်ပါတယ်။
Ref:ptinews
You may also like these stories:
ကမ္ဘာကျော်တွေကို တစုတစည်းတည်း မြင်ရမယ့် “Avengers: Endgame” ရိုက်ကွင်းဗီဒီယို
၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”
ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန်
“ပြည်သူ့ အကယ်ဒမီ”ဆု ရရှိတဲ့အပေါ် ခီမောင်နှံနဲ့ မီမောင်နှံတို့ရဲ့ ဝမ်းသာ စကားများ