K-Pop လောကရဲ့ နာမည်ကျော် BigBang အဖွဲ့ဝင်၊ ရက်ပ်အဆိုတော် T.O.P ကတော့ မကြာခင်မှာပဲ နိုင်ငံသား တိုင်းထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ BigBang အဖွဲ့ထဲမှာ ပထမဆုံးအဖြစ် စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့ပေမယ့် ပြဿနာတချို့ကြောင့် ပုံမှန် ထမ်းဆောင်ချိန်ထက် ပိုကြာသွားရတဲ့ T.O.P ကို ပရိသတ်တွေကတော့ စောင့်မျှော်နေကြပါပြီ။
မေလ ၂၁ ရက်မှာ ယုံစမ်းခရိုင် အုပ်ချုပ်ရေးမှူးရုံးရဲ့ တာဝန်ရှိသူတဦးက Choi Seung Hyun (T.O.P) ရဲ့ တာဝန် ထမ်းဆောင်ကာလ စောပြီးမယ်လို့ ဆိုပါတယ်။ “Choi Seung Hyun ရဲ့ အမှုထမ်းကာလ ဇူလိုင် ၈ ရက်နေ့မှာပြီးပါမယ်။ ဒါဟာ မနှစ်ကစပြီး အစိုးရက စတင်ထုတ်ပြန်ခဲ့တဲ့ ဥပဒေသစ်ကြောင့် ပုံမှန်ထက် ၂၇ ရက်စောပြီးသွားတာပါ” လို့ ဆိုပါတယ်။
အရင် စစ်မှုထမ်းဆောင်ခြင်း ဥပဒေအရဆိုရင် T.O.P ဟာ သြဂုတ်လ ပထမပတ်လောက်မှ ပြီးဆုံးမှာပါ။ ၂၀၁၈ ခုနှစ်မှာ စတင်အသက်ဝင်ခဲ့တဲ့ စစ်မှုထမ်းဥပဒေသစ်ကြောင့် အမှုထမ်းကာလ ၁ လနီးပါးလောက် လျော့ကျ သွားပါတယ်။
T.O.P ဟာ အရွယ်ရောက်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် စစ်မှုထမ်းတာဝန် ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတည်းက ရဲအရာရှိအဖြစ် စတင်ထမ်းဆောင်ခဲ့ပေမယ့်လည်း တာဝန်ထမ်းဆောင်နေစဉ် ဆေးခြောက် အမှုတွဲ ပြန်လည်ပေါ်ပေါက်ခဲ့လို့ ရဲအမှုထမ်းအဖြစ်ကနေ ရပ်နားခဲ့ရပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က စလို့ ယုံစမ်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
တာဝန်ထမ်းဆောင်နေစဉ် အတောအတွင်း T.O.P ဟာ အထူးအခွင့်အရေးတွေ ယူခဲ့တယ်လို့ စွပ်စွဲမှုတွေထွက်လာပေမယ့် ယုံစမ်းခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ အဆိုပါ ကောလာဟလတွေက မှန်ကန်မှု မရှိကြောင်း ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။ T.O.P ဟာ တာဝန်ထမ်းဆောင်နေချိန် အတောအတွင်း နေမကောင်းဖြစ်လို့ ခွင့်ယူခဲ့တာက လွဲလို့ သူလုပ်ရမယ့် တာဝန်တွေ ကို အချိန်ပြည့် ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းတာဝန်ထမ်းဆောင်နေကြတဲ့ BigBang အဖွဲ့ခေါင်းဆောင် G-Dragon ကလည်း ဒီနှစ် အောက်တိုဘာလလောက်မှာ တာဝန်ထမ်းဆောင်ချိန် ပြီးဆုံးမှာဖြစ်သလို၊ Main Vocal နှစ်ယောက်ဖြစ်တဲ့ Taeyang နဲ့ Daesung တို့လည်း နိုဝင်ဘာလမှာ ပြီးဆုံးမှာဖြစ်လို့ စင်မြင်ပေါ်မှာ BigBang အဖွဲ့ကို ပြန်လည်မြင်တွေ့ရမယ့် ရက်တွေကို ပရိသတ်တွေ ရင်ခုန်နေကြပါပြီ။
Ref: Soompi
You may also like these stories:
ကိုယ်အလေးချိန် လျှော့ချဖို့ တူနဲ့ အစာစားတဲ့ မော်ဒယ်
Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care” အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ
သားဖြစ်သူနဲ့ G-Dragon တွဲရိုက်ထားတဲ့ ပုံတင်လိုက်တဲ့ YG Entertainment ပိုင်ရှင် ယန်းဟွန်ဆော့