သီချင်းများကို စတင်သီဆိုစဉ်ကတည်းက ကိုယ်ပိုင်သံစဉ် သီချင်းများကို ကိုယ်တိုင်ရေးသားပြီး သီဆိုတဲ့ အဆိုတော် မာရဇ္ဇကတော့ သူပိုင်ဆိုင်တဲ့ သီချင်းများကို အသက်ရှင်သရွေ့ ဘယ်သူ့ကိုမှ ပေးမဆိုဘူးလို့ ပြောပါတယ်။
“သီချင်းတွေကို တန်ဖိုးထားတာပေါ့။ ကျနော်က ပထဆုံး စထွက်လာတဲ့အခွေ ၂၅ နှစ် ကျော်ပြီ။ အဲဒီအခွေမှာကတည်းက ကိုယ့်သီချင်းကိုယ် ရေးပြီး ဆိုခဲ့တာပါ။ ကျနော့် သီချင်းတွေကို ဘယ်သူမှ ပြန်မဆိုသေးဘူး။ ဆိုခွင့်လည်း မပေးဘူး။ သေရင်တော့ ဆိုရင်ဆိုပေါ့။ ကျနော် အသက်ရှင် ရပ်တည်နေတဲ့အချိန်မှာတော့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး”
“ဥပမာ ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေးလို့ ကြားတာနဲ့ တခြားသူ မဟုတ်ဘူး။ မာရဇ္ဇပဲ။ အဲဒါ တန်ဖိုးပဲ။ ကိုယ်မွေးထားတဲ့ သားသမီးလေးတွေ ကိုယ်နဲ့ တသားတည်းပဲ။ ပိုက်ဆံရတိုင်းလည်း ရောင်းမစားဘူး” လို့ အဆိုတော် မာရဇ္ဇက ပြောပါတယ်။
မာရဇ္ဇက တချိန် သူ မရှိတော့တဲ့ အချိန် တခုရောက်ရင်လည်း မူပိုင်ခွင့်များ ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ပြီး အသက်ရှင်စဉ်မှာတော့ ဘယ်သူ့ကိုမှ ပေးမဆိုဘူးလို့ ဆိုပါတယ်။
“လောလောဆယ်တော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ မူပိုင်ခွင့်တွေ ၊ Copy Right တွေ ခေတ်စားလာပြီ၊ ပေါ်လာပြီဆိုတော့ စည်းမျဉ်းတွေ ဥပဒေတွေနဲ့ သွားမှာပါ။ ကျနော့်သီချင်းကိုတော့ ဘယ်သူ့ကိုမှ ပေးမဆိုသေးဘူး။ ရောရောနှောနှော မကြိုက်ဘူး။ သီချင်းကြားလိုက်တာနဲ့ ဘယ်သူလဲဆိုတာ သိစေချင်တယ်။ ဒါပါပဲ” လို့ မာရဇ္ဇက ပြောပါတယ်။
မကြာခင်မှာလည်း ကိုယ်ပိုင်သံစဉ် သီချင်းများစွာကို ရေးသား သီဆိုခဲ့ကြတဲ့ အဆိုတော်များ ဖျော်ဖြေတင်ဆက်မယ့် “ရွှေနှလုံးသား ဂီတည” ဆိုတဲ့ ဖျော်ဖြေပွဲကြီးကို မေလ ၃၁ ရက်နေ့၊ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါပွဲမှာလည်း မာရဇ္ဇက ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
“ဒီပွဲလေးတွေလုပ်တာက ကောင်းတာပေါ့။ တန်ဖိုးတရပ် ကွဲပြားသွားတာပေါ့။ ဂီတဆိုတာ တတန်းတစားတည်း မဟုတ်ဘူး ဆိုတာကို ခွဲခြားပြောလိုက်တာပေါ့။ တကယ့် ကိုယ်ပိုင် ဖန်တီးမှုဆိုတဲ့ ဟာလေးပေါ့။ တကယ့်ပြည်တွင်းဖြစ်တွေကို တခုတ်တရနဲ့ စုစည်းပြီးတော့ တန်ဖိုးထားတဲ့ ပွဲလေးတခုလို့ ပြောချင်ပါတယ်။ ဒါပထမဆုံး မျိုးစေ့လို့လည်း ပြောလို့ရပါတယ်။ အောင်မြင်စေချင်ပါတယ်” လို့ အဆိုတော် မာရဇ္ဇက ပြောပါတယ်။
အဆိုတော် မာရဇ္ဇရဲ့ သီချင်းအသစ်များကို စောင့်မျှော်နေတဲ့ ပရိသတ်များအတွက်လည်း “ရွှေနှလုံးသားဂီတည” ဖျော်ဖြေပွဲပြီးပါက သူ့ရဲ့အခွေအသစ်အတွက် သီချင်းများကို စတင်တီးခတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
“သီချင်းကလည်း အကုန်လုံးကိုယ့်ဘာသာ လုပ်ထားတာပါ။ အားလုံးက အဆင်သင့် ရှိနေတာကြာလှပြီ။ မအားကျသေးလို့ မတီးတာ။ အခွေ တခွေနဲ့ တခွေ မတူပါဘူး။ Rock ပါပဲ။ ဒါပေမယ့် တခွေနဲ့ တခွေ မတူအောင် အမြဲတမ်း ကြိုးစားနေပါတယ်” လို့ မာရဇ္ဇက ပြောပါတယ်။
မာရဇ္ဇကတော့ ဂီတလောကမှာ ကိုယ်ပိုင်သံစဉ်သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုလေ့ရှိတဲ့ အဆိုတော်တယောက်အဖြစ် ယနေ့တိုင် ခိုင်မာစွာ ရပ်တည်လျက် ရှိပါတယ်။
You may also like these stories:
ကြက်ဖနဲ့ ဒဿတို့ ပူးပေါင်း ဖန်တီးထားတဲ့ “ပြဿနာ” ရုပ်ရှင် ဇာတ်ဝင်သီချင်း
“သီချင်း ဖန်တီးဖို့အတွက် ငွေရေးကြေးရေးက အဓိက ဖြစ်လာတယ်”လို့ ပြောတဲ့ ညီမင်းခိုင်
အနုပညာဆန်တဲ့ စီးပွားရေးတွေ လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် စည်ဖြိုး
“သီချင်းတွေကို နားထောင်ပြီး ခံစားသွားရတာနဲ့တင် ကျေးဇူးတင်မိမှာပါ”လို့ ပြောတဲ့ ဆုပန်ထွာ