အဆိုတော် ခွန်းဆင့်နေခြည်ဟာ သူမ သီချင်းအပ်ထားတဲ့ တေးရေးဆရာ တဦးနဲ့ နားလည်မှုလွဲပြီး ပြဿနာတခု ရှိခဲ့ပါတယ်။ ခွန်းဆင့်နေခြည်က သီချင်းရေးဖို့ တေးရေးခများ ပေးအပ်ထားပေမယ့် သတ်မှတ်ရက်အတွင်း သီချင်းမပေးတဲ့အတွက် ဒီလိုပြဿနာတွေ ဖြစ်ပေါ်ခဲ့ရတာပါ။
“ခွန်းဆင့်ကတော့ ပရိသတ်တွေအတွက် သီချင်းတပုဒ် သီဆိုဖို့ ၂၀၁၉ ခုနှစ် ၁ လပိုင်းမှာ တေးရေးဆရာတဦးကို အကူအညီတောင်းခဲ့ပါတယ်။ ၂ ပုဒ် အပ်တယ်။ တပုဒ်ပဲ လုပ်ပေးမယ်လို့ ပြောတယ်။ အဲ့အတွက် တပုဒ်ကိုပဲ လုပ်ပေးတာကို ၂ လစောင့်ခိုင်းထားတာကို ကျမတို့ စောင့်လိုက်တယ်။ ဒါပေမယ့် ၁ လပိုင်းကတည်းက သူယူမယ့် အနုပညာကြေးတွေ ကြိုပေးလိုက်တယ်။ ယုံကြည်မှုပဲလေ။ သူက လိမ်မယ့်သူလည်း မဟုတ်ဘူးလေ”
“သီချင်းတပုဒ် ရေးတယ်ဆိုတာ အနုပညာသမားတွေက ပြောရခက်တယ်လေ။ စိတ်ခံစားချက်ရှိမှ ဖီလင်လာမှ သီချင်းကောင်း တပုဒ်ထွက်တာပေါ့။ အဲ့အချိန်မှာ ကျမတို့ကလည်း အနုပညာရှင်ဖြစ်တဲ့အတွက် နားလည်တာပေါ့။ သူသီချင်းကောင်းတပုဒ် မရသေးလို့လို့ပဲ ထင်တာပေါ့” လို့ ခွန်းဆင့်နေခြည်က ဧရာဝတီကို ပြောပါတယ်။
“သူက မပြီးသေးတဲ့အတွက် ကျမ ဖုန်းဆက်မေးလိုက်တယ်။ သူကစောင့်ပေးပါ ပြောတာနဲ့ ဆက်စောင့်ပေးတယ်။ အခုဆို ၅ လလောက် ရှိပြီပေါ့။ အဲ့သီချင်းလေးကို အမေရိကားမှာ Music Video လေး ရိုက်ချင်လို့ အမှီလေး လုပ်ချင်တယ်ပေါ့။ အခုတော့ မမှီတော့ဘူးပေါ့။ လိုင်းမှာလည်း မတွေ့၊ ဖုန်းလည်း ပိတ်တော့ ဆက်သွယ် မရဘူး။ အွန်လိုင်းပေါ်ကနေ တင်လိုက်တာပါ။ ဒါပေမယ့် အခုတော့ သူနဲ့ အဆက်သွယ်ပြန်ရပါပြီ”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။
အလုပ်တခုလုပ်ရင် Respect ရှိပြီး ကတိတည်ဖို့ အကြံပေးထားတဲ့ ခွန်းဆင့်နေခြည်က ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ကတိတည်အောင် ကြိုးစားတယ်လို့ ဆိုပါတယ်။
“ကျမတို့ကို အသိလေးပေးမယ် Respect လေးပေးမယ်ဆိုရင် ကျမက လက်ခံတယ်။ တေးရေးထဲမှာလည်း နာမည်ကြီးပြီးသားဆိုတော့ သူ့သီချင်းကို ဆိုချင်စိတ်နဲ့ အပ်လိုက်တာ။ ဘာစိတ်မှ မရှိဘူး။ သူ့ကို သိစေချင်တဲ့ စိတ်ဆန္ဒတခုနဲ့ ရေးလိုက်တာပါ။ အနုပညာသမားအချင်းချင်း နားလည်မှု အပြည့် ရှိတယ်။ သူ့ကိုဆက်သွယ်လို့ မရတာနဲ့ Post တင်မှဖြစ်တော့မယ် ဆိုပြီး Post တင်ဖြစ်သွားတာပါ”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။
“တကယ်တမ်းဆို လူတွေရဲ့သဘာဝအရ မိုးကောင်းတုန်း ရေခံရတယ်ပေါ့။ ဘယ်သူမဆို အနုပညာသမားတွေ အားလုံး စန်းတခု ရှိလာပြီ ဆိုရင် အလုပ်တွေ အရမ်းလုပ်ရတယ်။ အဲ့လို လုပ်ရချိန်မှာ ကတိတည်ဖို့လိုတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ အားလုံး ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ပတ်ဝန်းကျင်ကသူတွေကို Respect ရှိရမယ်။ ကတိတည်ရမယ်။ ကတိ မတည်ဘူးဆိုရင် အလုပ်လုပ်တဲ့ ကြားထဲမှာ အဖုအထစ်တွေ အထင်လွဲမှားစေမှုတွေ ဖြစ်သွားစေတယ်”
“ကျမလည်း ကလေး ဘဝက ကတိမတည်တာလေးတွေ ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ အတတ်နိုင်ဆုံး ကတိတည်အောင် ကြိုးစားတယ်။ အကယ်လို့ မတတ်နိုင်ရင်တောင် ဖုန်းဆက်ပြီး အဆင်မပြေတာလေးကို ပြောပြဖြစ်တယ်။ လုပ်ကိုင်တဲ့နေရာမှာ မျက်နှာ မနာရတော့ဘူးပေါ့။ အနုပညာလောကဆို ပိုဆိုးတာပေါ့။ တယောက်နဲ့ တယောက် တချိန်မှာ တွေ့နေရတာပဲလေ။ အဲ့အတွက် ကိုယ်ပေးတဲ့ ကတိလေးတွေတော့ တည်စေချင်တယ်လို့ အကြံပေးချင်တယ်”လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။
ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင် ခြေချခွင့်ရခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက သီချင်းအပိုင်းမှာလည်း ဝါသနာပါပြီး “စာလာလာမဖတ်နဲ့” ဆိုတဲ့ တကိုယ်တော် တေးစီးရီးခွေလည်း ထွက်ရှိထားပါတယ်။