သရုပ်ဆောင်အိန္ဒြာကျော်ဇင်က “ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ယောကျာ်းလျာ ကိုတိုး ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်သလို ဒီကာရိုက်တာအတွက် ပြင်ဆင်မှုအားနည်းခဲ့တာကြောင့် အရမ်းစိတ်ပူတယ်လို့ဆိုပါတယ်။
“ဇာတ်လိုက် ဇာတ်ကားထဲမှာ ကာရိုက်တာအပြောင်းအလဲ လုပ်ထားတယ်။ အမြဲတမ်းရိုက် နေကျပုံစံ တွေကနေ ကွဲထွက်သွားမယ်။ ဒီဇာတ်ကားမှာ ကိုတိုးဆိုတဲ့ ယောကျာ်းလျာ ပေါ့။ ယောကျာ်းလျာကာရိုက်တာကို အရင်တုန်း ကရိုက်ခဲ့ဖူးပါတယ်။ ယောကျာ်းလျာပုံစံခြင်း မတူဘူးပေါ့”
“ အရင်တုန်းကရိုက်ခဲ့တဲ့ ယောကျာ်းလျာကာရိုက်တာ တွေက လူငယ်ပုံစံ Fancy ပုံစံတွေပေါ့။ အခုယောကျာ်းလျာက ကျောင်းဆရာလည်းဖြစ်တယ်။ ယောကျာ်းဇာတ်ရုပ်ကလည်း ရွာမှာရှိတယ်။ ဆေးပေါ့လိပ်သောက်တယ်။ ကွမ်းစားတယ်။ အူဝဲအတွက် အိုက်တင်တွေ ဟဲဗီးလုပ်ရမှာထက် ကာရိုက်တခုကို ပီပီပြင်ပြင် ပုံဖော်ဖို့က ပိုပြီးခဲယဉ်း တယ်လို့ထင်တယ်”
“ဆေးပေါ့လိပ်သောက် ကွမ်းတွေစားတာ လေ့ကျင့်နေတယ်။ ဆေးပေါ့လိပ်က တော်တော်နဲ့ အနံ့ဖျောက် မရတော့ ကလေးတွေ အိပ်မှ ခြံထဲမှာ ဆင်းပြီးလေ့ကျင့် ရတယ်။ အခက်အခဲက စသောက်တုန်းကတော့ မွှန်တာတွေ သီးတာတွေ ဖြစ်တယ်။ အမှန်တော့ တလလောက်လေ့ကျင့် ရမှာ အခုတော့ ပြင်ဆင်ချိန်အရမ်းနည်းတော့ ဇာတ်ကောင်ပီပြင်ပါ့မလား အရမ်းစိတ်ပူနေတယ်။ နောက်ပိုင်းပြင်ဆင်မှု များများရတာကိုပဲ လုပ်ချင်တယ်”လို့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ရမှာ တာဝန်ပိုကြီးတာကြောင့် သေချာလေးတော့ ပြင်ဆင်ထားတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
“ ဒီကားဖြစ်ရပ်မှန်ကိုရိုက်ရတော့ ပိုပြီးတော့တာဝန်ကြီးတယ်။ လွဲလို့မရဘူးပေါ့။ ကိုယ်ရိုက်လိုက်လို့ တခုခုဖြစ်သွားရင် လည်းမကောင်းဘူး။ အဲ့ အပေါ်မှာတာဝန်ကြီးတဲ့အတွက် သေချာလေးတော့ လုပ်ရမှာပါ။ အပြင်မှာလည်း အဲ့ဇာတ်ကောင်ထဲကသူကရှိတယ်။ သူနဲ့တော့ မတွေ့သေးဘူး။ ဓာတ်ပုံပဲမြင်ရသေးတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့ သဘာဝဆန်ဆန်ဒရာမာ ဇာတ်ကားလေး တကားဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား ဟာ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေတာပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရွာမှာ ရိုက်ကူးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ဇာတ်လိုက်”ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည် နဲ့ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“အချစ်ဆိုတာ ရှော့ပင်းစင်တာမှာ ပစ္စည်းဝယ်သလို ကောက်ဝယ်လို့ မရဘူး”လို့ ပြောတဲ့ အောင်မင်းခန့်
တေးရေးဆရာတဦးနဲ့ အကြားက ပြဿနာအကြောင်း ပြောပြတဲ့ ခွန်းဆင့်နေခြည်
သားဖြစ်သူ ရင်ခွင်ထဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေတဲ့ အစ္စဏီရဲ့ မိခင်
“ဗီလိန် ကာရိုက်တာ ရိုက်ဖို့ ကြောက်သွားပြီ”လို့ ပြောတဲ့ သံသာမိုးသိမ့် (ခ) မိန်းမချော