Entertainment

ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ကြည့်ချင်တဲ့ သရုပ်ဆောင်ညိမ်းသော်

မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်တယောက်အနေနဲ့ ခြေလှမ်းများစွာလှမ်းလာခဲ့တဲ့ ညိမ်းသော်ကတော့ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ကြည့်ချင်တယ်လို့ ပြောပါတယ်။

“ကျနော်က ဗီလိန်တွေဘာတွေ ရိုက်ကြည့်ချင်သေးတယ်။ ကျနော့်ကိုခေါ်ရင် နုနုရွရွတွေပိုများတယ်။ နည်းနည်းကြမ်း ရင်မရဘူးထင်ပြီးတော့ လာတောင်မခေါ်ကြဘူး” လို့ သရုပ်ဆောင် ညိမ်းသော်ကပြောပါတယ်။

အသစ်တယောက်ဖြစ်တဲ့အတွက် ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်ပေမယ့် လာရောက်ကမ်းလှမ်းတဲ့ ဇာတ်ရုပ်များကတော့ သူ့ရဲ့ပြင်ပရုပ်ကိုကြည့်ပြီး ကမ်းလှမ်းတာများတယ်လို့ ဆိုပါတယ်။

“ကျနော်က အသစ်ဆိုတော့ ကာရိုက်တာမျိုးစုံတော့ လုပ်ကြည့်ချင်တာပေါ့နော်။ လာခေါ်တဲ့သူကလည်း “ရင်ခွင်ရှင်းတမ်း” မှာတုန်းကဆိုရင် အစ်မကိုချွဲတဲ့ကောင်လေးတယောက်အနေနဲ့ ဆန်းတာဆိုလို့ “အစိုးမရအနတ္တ” ကားထဲမှာဆိုရင် အရက်သမားအဘိုးကြီးလုပ်ရတယ်။ အရက်ဖြတ်တာတွေဘာတွေလည်းလုပ်ရတယ်။ အရက်ဖြတ်တာ ဘာမှန်းတောင်မသိဘူး။ အဲဒီထဲမှာတော့ ဒရမ်မာကြီးကြီးမားမားလုပ်ထားတယ်” လို့ ညိမ်းသော်ကပြောပါတယ်။

မကြာခင်မှာလည်း ညိမ်းသော်နဲ့အတူ အလှမယ်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ “အဆောင်” ဆိုတဲ့ Horror ဆန်တဲ့ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဇာတ်လမ်းကို လာအပ်တုန်းက ကောင်မလေးတွေအများကြီးနဲ့ဆိုတော့ စိတ်ဝင်စားသွားတာ။ ယောကျ်ားလေး ကလည်း ကိုယ်တယောက်တည်းပါတာဆိုတော့ ဒါရိုက်တာနဲ့လည်းတိုင်ပင်တော့ ရိုက်သင့်တယ်ဆိုလို့။ နောက်ပြီးဇာတ်လမ်းက Horror  ဆန်တော့ ရိုက်မယ်ဆိုပြီး ရိုက်ဖြစ်သွားတာ” လို့ ညိမ်းသော်ကပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲကတော့ ညိမ်းသော်ရဲ့ တတိယမြောက်ဇာတ်လမ်းတွဲဖြစ်ပြီး သရဲကားရိုက်ကြောက်တတ်ပေမယ့် သရဲကားရိုက်ရတာ Mood ဝင်တာကြောင့် ပိုင်တယ်လို့ ခံစားရတယ်လို့ပြောပါတယ်။

“သရဲကြောက်တတ်တာတော့ မှန်တယ်။ ကြောက်တဲ့အခန်းတွေမှာ ပို Mood ဝင်တော့ ပိုရိုက်လို့ကောင်းတယ်။ ကျနော့်အနေနဲ့ သရဲကြောက်တတ်ပေမယ့် သရဲကားရိုက်ရတာ ပို Mood ဝင်တယ်။ “ည” မှာတုန်းကလည်း ကြောက်တာလန့်တာဆိုတော့ ကျနော့်အတွက်ပိုင်တယ်လို့ပဲ ခံစားရတယ်” လို့ ညိမ်းသော်ကပြောပါတယ်။

ညိမ်းသော်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားထဲမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းများစွာ ရိုက်ကူးလာခဲ့တာကို တွေ့ရပါတယ်။

You may also like these stories:

“Lady Boy” ရုပ်ရှင်မှာ ထိုင်းလိုပြောပြီး သရုပ်ဆောင်ထားတဲ့ ထူးအောင်

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

“ကျနော် ဖန်တီးတဲ့ အနုပညာက လူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တာ ရှားတယ်”လို့ အဆိုတော် ရဲနောင် ပြော

ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်

Loading