မကြာခင်ရုံတင်တော့ “အနန္တ” မြန်မာသိပ္ပံ ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းဆုဦးက ဒီကားကို ကိုယ်တိုင် စိတ်အားထက်သန်ပြီး ရိုက်ချင်လို့ကို ရွေးချယ်ပြီးရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ဆိုပါတယ်။
“နန်းဆုကားတွေ ရုံတင်ဖို့ ကျန်တာတွေ ရှိတယ်။ ဇွန် ၄ ရက်နေ့ အနန္တ တင်မယ်။ အဲ့ကားလေး ရိုက်ကူးထားတာ ၄ နှစ်လောက် ရှိပြီ။ တော်တော်လည်း ကြာနေပြီပေါ့။ နန်းဆုတို့ ကိုယ်တိုင် စောင့်နေရသလို ပရိသတ်တွေကလည်း စောင့်နေရတဲ့ ကားလေးပေါ့။ JCGV ရော မင်္ဂလာရောမှာ ရုံတင်ခွင့်ရတယ် ကြားတယ်။ အရမ်းလည်း ဝမ်းသာပါတယ်”
“နန်းဆု ဒီကားရိုက်တာ ဒီလောကထဲ ဝင်ခါစလို့တောင် ပြောလို့ရတယ်။ လာကမ်းလှမ်းတဲ့ ရုပ်ရှင်ကားကြီးက သိပ္ပံကား ဖြစ်နေတယ်။ နန်းဆုအတွက်လည်း အရမ်းထူးဆန်းသွားတယ်။ နန်းဆုလည်း ငယ်သေးတော့ အရမ်းလည်း စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း ပါချင်ခဲ့တယ်။ ကိုယ်တိုင် စိတ်အားထက်သန်ပြီး ရိုက်ချင်လို့ကို ရွေးချယ်ပြီးရိုက်ဖြစ်ခဲ့တဲ့ ကားလေးပေါ့။ အခု ရုံတင်တော့မယ်ဆိုတော့လည်း ရင်ခုန်ရပါတယ်။ နန်းဆုတို့ အကောင်းဆုံးကြိုးစားခဲ့ကြတယ်။ ထွက်လာလို့ ၁၀၀ ရာခိုင်နှုန်း မဖြစ်ဘူးဆိုရင်လည်း နားလည်ပေးဖို့ ပြောချင်ပါတယ်”လို့ နန်းဆုဦးက ပြောပါတယ်။
ဇာတ်ကားထဲမှာ ထွေထွေထူးထူး Special Effect မိတ်ကပ်တွေ လုပ်ရတာမျိုး မရှိဘူးဆိုတဲ့ နန်းဆုဦးက အင်္ကျီ Costume ပိုင်းတွေတော့ စိတ်ပူတယ်လို့ ဆိုပါတယ်။
“အနန္တကားထဲက ဇာတ်ကောင်အတွက် ထွေထွေထူးထူး Special Effect မိတ်ကပ်တွေ လုပ်ရတာမျိုး မရှိဘူး။ အဓိက နန်းဆု စိတ်ပူတာ တခုပါပဲ။ အင်္ကျီ Costume ပိုင်းတွေ အခုချိန် အရမ်း ခေတ်မီလာတဲ့အချိန်မှာ အဲ့ဒါလေး ထွက်လာရင် ပရိသတ်တွေ အမြင် ဘယ်လိုရှိမလဲ။ ကြိုက်မလားပေါ့။ ဒါကို စိတ်ပူတယ်။ အိုက်တင်ပိုင်းတော့ စိတ်မပူဘူး”
“ဒီကားက တကားလုံးနည်းပါး Green Screen နဲ့ ရိုက်ခဲ့ရတာပေါ့။ နန်းဆုတို့ကတော့ အကောင်းဆုံးကြိုးစားခဲ့တယ်။ အဲ့ ရလဒ်တော့ ရင်ခုန်တယ်။ ပရိသတ်တွေကလည်း အကြိုက် မတူကြဘူး။ ဒီကားကလည်း ပထမဆုံး သိပ္ပံကားဆိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားကြမှာပါ”လို့ နန်းဆုဦးက ဆိုပါတယ်။
“အနန္တ” မြန်မာသိပ္ပံဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတာ ဖြစ်ပြီး ဒီဇာတ်ကားကလည်း ရုပ်ရှင် မရိုက်ကူးခင်ကတည်းက ပရိသတ်များကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
You may also like these stories:
“အနန္တ” ရုပ်ရှင်ကားမှာ Special Makeup ပါဝင်လိမ်းခြယ်ပေးခဲ့တဲ့ Artist သက်သက်ခိုင်
“မဟူရာ ရုပ်ရှင်ရုံ” ဇာတ်ကား ရိုက်ကူးစဉ်က ချောက်ချားမှုတွေအကြောင်း ပြောပြတဲ့ နန်းဆုဦး
“ဥပါဒါန်”ရုပ်ရှင် ၃ ပတ်ဆက်တိုက် ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ နန်းဆုဦး
“မဟူရာရုပ်ရှင်ရုံ” နဲ့ “ပြုံးရွှင်ရေပျော်ရဲ့လား” ဇာတ်ကား နှစ်ကားအကြောင်းပြောပြတဲ့ ကျော်ကျော်ဗို