ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးကို ထာဝရ အလှူရှင်အဖြစ် လှူဒါန်းပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်က ကစ်ကစ် သေပြီဆိုတဲ့ သတင်းဟာ ကောလာဟလသာဖြစ်ပြီး စိုးရိမ်ရတဲ့ အနေအထား တခုမှာရှိပေမယ့် ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။
“အခု လက်ရှိ ထွက်နေတဲ့ မကစ်သေပြီဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ ကောလာဟလပါ။ အခု သူက နှလုံးရော ကျောက်ကပ်ရော၊ အဆုတ်ကရော မကောင်းတော့တဲ့ အခါကျတော့ စိုးရိမ်ရတဲ့ အနေအထားတခုမှာရှိနေတာ။ သူက စိတ်မာတော့ အသက်ပြင်းပါတယ်။ ဆရာဝန်ကြီးကတော့ Round မလှည့်သေးဘူး။ ဆရာဝန်ကြီး Round လှည့်ပြီးမှပဲ ဓာတ်မှန်တို့၊ သွေးအဖြေတို့ ကြည့်ပြီးရင်တော့ ပြောမှာပေါ့။ အခုကလည်း သူက ဘာမှမကောင်းတော့ ဆရာဝန်တွေကလည်း သိပ်ပြောမနေတော့ဘူး”လို့ ခင်သဇင်က ပြောပါတယ်။
ဆက်လက်ပြီး သရုပ်ဆောင် ခင်သဇင်ကတော့ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေရပြီး လက်ရှိမှာတော့ ကစ်ကစ်ကို အိမ်နီးချင်းအစ်မ တယောက်က အနီးကပ် စောင့်ရှောက်ပေးနေတယ်လို့ ခင်သဇင်က ဆိုပါတယ်။
“ကျောက်ကပ်ဆေးရင်းနဲ့ပဲ အခြေအနေကို စောင့်ကြည့်ရမှာပေါ့။ သူ့ရဲ့ ခံနိုင်ရည်အားနဲ့ သူအသက်ပြင်းတာနဲ့၊ သူ့ရဲ့ သက်တမ်းကျန်တာနဲ့ ဒါကပဲ မူတည်တော့တာ။ မကစ်ကို ကျမ နေ့တိုင်းသွားကြည့်ပါတယ်။ ရှုတင်က အပြန် သွားကြည့်တယ်။ သူ့ကို အနီးကပ် စောင့်ကြည့်ပေးနေတာကတော့ အိမ်ရှေ့က အိမ်နီးချင်း အစ်မပေါ့။ အဲ့အစ်မက တခုခုဆို လှမ်းလှမ်းပြီးပြောတာပေါ့။ မကစ် သမီးလေးကတော့ အလုပ်ဝင်နေတယ်။ အဲဒါကြောင့် အမေနားမှာ သိပ်မနေဖြစ်ဘူးပေါ့”လို့ ခင်သဇင်က ဧရာဝတီကို ပြောပါတယ်။
ကစ်ကစ်ရဲ့ ကျန်းမာရေးကို ထာဝရ အလှူရှင်အဖြစ် လှူဒါန်းပေးနေတဲ့ ခင်သဇင်ဟာ လက်ရှိမှာတော့ ရှိသလောက်နဲ့ ချွေတာ လှူဒါန်းနေပြီး လောလောဆယ်တော့ အလှူငွေ မကောက်သေးဘူးလို့ ဆိုပါတယ်။
“အလှူငွေကတော့ လောလောဆယ် လုံလောက်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် အရမ်း အခက်အခဲတော့ မဖြစ်သေးဘူးပေါ့။ ကျမတို့ အလှူငွေ လိုအပ်ရင်တော့ ကောက်ခံမှာပါ။ ထာဝရအလှူရှင်တွေလည်းရှိနေတော့ ကျောက်ကပ်ဆေးဖို့ကတော့ သေတဲ့အထိ လုံလောက်တယ်။ သူဆေးရုံ ရှောင်တခင်တွေ တက်ရရင်သာ ကုန်ကျစရိတ်တွေ ကုန်နေတာပေါ့။ အခုကတော့ ကုတင် ၅၀၀ မှာပါ။ ဆေးရုံလည်း မဆင်းသေးပါဘူး။ မကစ်ကတော့ ဆင်းချင်နေတာပေါ့။ သတင်းတွေက ဘယ်ကနေ အမှားတွေ ထွက်နေတာလဲ မသိဘူး”
“သူက အစာတော့ မစားတော့ဘူး။ ဆရာဝန်တွေက ပိုက်တွေတော့ ဆေးတွေ သွင်းပေးထားတယ်။ ကျမသူ့ဆီ သွားရင်တော့ ပရိတ်၊ ပဋ္ဌာန်းတွေတော့ ဖွင့်ပေးထားတယ်။ အဓိက သူက လူထိုင်မျှော်နေတာ။ ကျမကိုလည်း အရမ်းအားကိုးတယ်။ ကျမကို အရမ်းမျှော်နေတာ။ ကျမ မလာရင် စိတ်တွေ ကောက်တာ။ အိပ်ရာထဲမှာ နေရတော့ အထီးကျန် ဝမ်းနည်းနေတာပေါ့။ အဲ့စိတ်က သူ့ရောဂါကို ပိုပြီး ဆိုးရွားစေတာပေါ့။ သူစိတ်ကြည်နေတယ်။ ပျော်နေတယ်ဆိုရင် ကောင်းနေတာပေါ့”လို့ ခင်သဇင်က ပြောပါတယ်။
ဟာသ သရုပ်ဆောင် ကစ်ကစ်က လောလောဆယ်မှာတော့ ရန်ကုန်မြို့ ကုတင် ၅၀၀ ဆေးရုံမှာ ကျောက်ကပ် ရောဂါကုသဖို့ တက်ရောက်နေတာ ဖြစ်ပါတယ်။ ကစ်ကစ်အတွက် အလှူငွေကိုတော့ ထာဝရ အလှူရှင်အဖြစ် သရုပ်ဆောင် ခင်သဇင်က တာဝန်ယူ လှူဒါန်းနေပြီး တေးရေး မင်းကိုနဲ့ အခြားသော အနုပညာရှင် အချို့က လှူဒါန်းကြတယ်လို့ သိရပါတယ်။
You may also like these stories:
သရုပ်ဆောင် ကစ်ကစ်အတွက် ကျောက်ကပ် လှူဒါန်းမယ့်သူ အယောက် ၂၀ ခန့်ရှိနေ
ဆေးရုံ အချိန်မီရောက်ခဲ့လို့ အသက်အန္တရာယ် မစိုးရိမ်ရတော့တဲ့ သရုပ်ဆောင် မေတ္တာ
ဟာသလူရွှင်တော်တွေပြောတဲ့ ကွယ်လွန်သူ သရုပ်ဆောင်ကင်းကောင်ရဲ့ အကြောင်း