၁၉၉၂ ခုနှစ်မှာ Disney က ထုတ်ခဲ့တဲ့ Aladdin ရုပ်ရှင်ဟာ ကလေးတော်တော်များများကို ဖမ်းစားခဲ့မှာ အသေအချာပါပဲ။ အဲဒီ ရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်မှာတော့ Live Action နဲ့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ မေလ ၂၄ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသခဲ့တဲ့ Aladdin ရုပ်ရှင်ဟာ ကမ္ဘာမှာ ရုံဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လို့ ပြောနိုင်ပါတယ်။
ဒါရိုက်တာ Guy Ritchie ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ကြာမြင့်ချိန် ၂ နာရီနဲ့ ၈ မိနစ် ရှိပါတယ်။ ကာတွန်းကားမှာ ပါဝင်တဲ့ မီးခွက်စောင့် ဘီလူးနေရာမှာ မင်းသားကြီး Will Smith ဝင်ရောက် သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင် မကြည့်ခင်မှာ Will Smith နဲ့ မလိုက်လောက်ဘူးလို့ တွေးထားပေမယ့် ရုပ်ရှင်ထဲမှာတော့ ကြည့်ရတာ အဆင်ပြေပါတယ်။
Aladdin အနေနဲ့ ကနေဒါရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်လေ့ရှိတဲ့ မင်းသား Mena Massoud က သရုပ်ဆောင်ထားပြီး အဓိကမင်းသမီးကတော့ Naomi Scott ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အားလုံးသိပြီး ဖြစ်တဲ့ အတိုင်း အာရေဗျနိုင်ငံတခုမှာ ဖြစ်သလို နေထိုင်နေတဲ့ သူခိုးလေး အာလာဒင်အကြောင်းပါပဲ။ နန်းတော်ထဲက မင်းသမီးဖြစ်သူကတော့ ကိုယ်တိုင် ဘုရင်မ ဖြစ်ချင်နေပေမယ့် ဖခင်ဖြစ်သူ ဘုရင်ကြီးက အိမ်ထောင်ချပေးဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
နန်းတော် အတွင်းမှာ ရှိတဲ့ စည်းမျဉ်းတခုက မင်းသမီးကို ယူမယ့်သူဟာ တော်ဝင်မင်းသားဖြစ်နေမှ ရမယ်ဆိုတာပါပဲ။ မင်းသမီး နန်းတော်ထဲက ခိုးထွက်ပြီး အာလာဒင်နဲ့ တွေ့တဲ့ ပုံတွေကို ရိုက်ပြထားတာဟာ ကာတွန်းကားထဲက အတိုင်းပါပဲ။ တော်တော်ကို မျက်စိပသာဒ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း သီချင်းဆိုတာ ကတာတွေကို ပါဝင်ပါတယ်။
Musical Fantasy ရုပ်ရှင်ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် သီဆိုကခုန်တာတွေ ပါဝင်ပြီး အဲဒါတွေကို မနှစ်သက်တဲ့ သူတွေကတော့ ကြိုက်လောက်မယ် မထင်ပါဘူး။ လူဆိုးဖြစ်သူ Jafar က အာလာဒင်ကို တွေ့ပြီး မီးခွက်သွားယူခိုင်းတာ၊ ဂူထဲမှာ ကော်ဇောပျံနဲ့ တွေ့တာ စတဲ့ အခန်းတွေက ငယ်ဘဝကို ပြန်ဆွဲခေါ်သွားနိုင်လောက်တဲ့ အထိ ကောင်းမွန်အောင် ရိုက်ကူးထားနိုင်ပါတယ်။
ထူးခြားမှု တခုကတော့ နန်းတော်အတွင်းခန်းတွေရဲ့တည်ဆောက်ပုံပါ။ ဆူလ်တန်နန်းတော်တွင်း တည်ဆောက်ပုံတွေမှာ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းတွေမှာ ထည့်သွင်းတည်ဆောက်လေ့ရှိတဲ့ ကနုတ်တွေကို အသုံးပြုထားပါတယ်။ Disney က ထုတ်လုပ်တဲ့ Aladdin ရုပ်ရှင်ကို မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင်နေပြီ ဖြစ်ပြီး သင့်ရဲ့ ငယ်ဘဝကို အမှတ်ရစေနိုင်မယ့် ရုပ်ရှင်တကားလို့ တင်စားချင်ပါတယ်။
You may also like these stories:
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ “Detective Pikachu” ရုပ်ရှင်
“Star Wars” ရုပ်ရှင်သစ်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ
ရိုက်ကူးရေး အချိန်ဇယားကြောင့် “John Wick 3” ရုပ်ရှင်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ မာဒုံဆော့
ပရိသတ်တွေဆီကနေ မျက်ရည်ချူမယ့် “Dumbo” ရုပ်ရှင်
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ တာထွက်ကောင်းခဲ့တဲ့ “Aladdin” ရုပ်ရှင်