ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် ဆုထက်ကုဋေက သရုပ်ဆောင် တယောက်အနေနဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ ၉ နှစ်အတွင်းမှာ အခက်အခဲတွေ အများကြီး တော်တော် သည်းခံခဲ့ရတယ်လို့ ပြောပါတယ်။
“ကျမ ဆိုရင် ၂၀၁၀ ခုနှစ် လောက်ကစပြီး ရုပ်ရှင်တွေ ရိုက်ခဲ့တယ်။ အခုဆိုရင် ၉ နှစ်လောက် ရှိသွားပြီပေါ့။ အဲဒီအပေါ်မှာ တော်တော်လည်း ကြိုးစားခဲ့ရတယ်။ အခက်အခဲတွေလည်း အများကြီးရှိတယ်။ တော်တော်လေးကို သည်းခံခဲ့ရတာတွေ ရှိတယ်။ တချို့ကိစ္စတွေကိုတော့ မပြောပြတော့ဘူး။ အရမ်း ငိုစရာ ကောင်းတယ်။ အရမ်းခက်ခဲခဲ့တယ်။ ဒါပေမယ့် အနုပညာကိုချစ်တဲ့စိတ်နဲ့ အကောင်းဆုံး ကြိုးစားထားတယ်” လို့ သရုပ်ဆောင် ဆုထက်ကုဋေက ပြောပါတယ်။
သူမကိုတော့ ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲများမှာ အတွေ့များပြီး လာရောက် ကမ်းလှမ်းတဲ့ ကာရိုက်တာတိုင်းကို အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားတယ်လို့ ဆိုပါတယ်။
“အခုနောက်ပိုင်း ရောက်လာတဲ့ ဇာတ်လမ်းတွေကလည်း ကိုယ်နဲ့လည်း လိုက်ဖက်တယ်၊ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်လို့ လာအပ်တယ်။ ကိုယ်ကလည်း ကြိုးစားကြည့်ချင်တယ်၊ နူးညံ့တဲ့ ကာရိုက်တာဆိုရင်လည်း နူးညံ့တဲ့ မိန်းမတယောက် ဖြစ်အောင် ကြိုးစားတယ်။ လျှို့ဝှက်တဲ့ မိန်းမတယောက်ဆိုရင်လည်း ဇာတ်ကောင် ဝင်အောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ အဲဒီအတွက် ပရိသတ်တွေလည်း ကောင်းမွန်တဲ့က ာရိုက်တာကို ကြည့်ရမယ် ထင်ပါတယ်”လို့ ဆုထက်ကုဋေက ပြောပါတယ်။
တချိန်က ပရိသတ် အားပေးမှုများစွာ ရရှိခဲ့ကြတဲ့ ဇာတ်ပို့၊ ဇာတ်ရံများ ဖန်သားပြင်ပေါ်မှ ပျောက်ကွယ်နေတဲ့ ခေတ်မှာ ကိုယ်တိုင်လည်း ဇာတ်ပို့ သရုပ်ဆောင်ဖြစ်တဲ့အတွက် ဘယ်လိုမျိုး ကြိုးစားနေထိုင်လဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“အဓိကကလေ လူတယောက်က ဇာတ်ပို့၊ ဇာတ်ရံမှ မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ယူနိုင်တယ်။ ကောင်းမွန်တဲ့ စိတ်ထားတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တယ်ဆိုရင် ဇာတ်ပို့၊ ဇာတ်ရံ တခြားအလွှာမှရယ် မဟုတ်ဘူး”
“လူသားတိုင်း လူသားတိုင်း အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဆရာဝန်ပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်မယ် ဆိုရင်တော့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်ရာတနေရာမှာ အသိအမှတ်ပြုခံရတဲ့သူ ဖြစ်လာမှာပါ” လို့ ဆုထက်ကုဋေကပြောပါတယ်။
ယခင်က ရုပ်ရှင်ကြည့်ပရိသတ်များမှာ ရိုးရှင်းကြပြီး ဒီဘက်ခေတ် ပရိသတ်များကတော့ အင်တာနေရှင်ခေတ် ဖြစ်လာတဲ့အတွက် နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားများနဲ့ နှိုင်းယှဉ်ကာ ကြည့်ရှုတတ်လာတာကြောင့် ရုပ်ရှင်ကားများကို ကောင်းအောင်ရိုက်ဖို့အတွက် လိုလာပြီလို့ ပြောပါတယ်။
“ဒီဘက်ခေတ်ကျတော့ အင်တာနေရှင်နယ် ဖြစ်လာတဲ့အခါမှာတော့ Google ရိုက်ကြည့်တာနဲ့ အင်တာနေရှင်နယ် ဇာတ်ကားတွေ ကြည့်လို့ရမယ်။ နိုင်ငံခြားက ဇာတ်ကားတွေ ဘယ်လိုရိုက်လဲဆိုတာကို နှိုင်းယှဉ်တဲ့အခါမှာ မြန်မာကားတွေက ဖန်တရာတေ နေတာ အရမ်းရှေးရိုးစွဲနေတာတွေ အရမ်းကြီး လုပ်ရယ်နေရတာတွေ မကြိုက်ဘူး”
“သူတို့ကြိုက်တဲ့ ပုံစံလေးကို ကောင်းကောင်းလေးတွေ ရိုက်ပေးရင် သဘောကျတယ်။ ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ဇာတ်ကားပဲဖြစ်ဖြစ် ကောင်းလာမှာပါ။ ကောင်းလာမယ်လို့ယုံကြည်တယ်။ အဓိကက ကောင်းအောင် ရိုက်ဖို့ပဲ” လို့ ဆုထက်ကုဋေကပြောပါတယ်။
ဆုထက်ကုဋေကတော့ လတ်တလောမှာ ဇာတ်လမ်းတွဲများ ရိုက်ကူးလျက်ရှိပြီး မကြာခင်မှာ Fortune ရုပ်သံလိုင်းမှာပြသမယ့် “အဆောင်” ရုပ်ရှင်ဇာတ်ကားထဲမှာလည်း အဆောင်ပိုင်ရှင် အပျိုကြီးနေရာက သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“ဟစ်တိုင်” ဇာတ်ကားကို ကိုယ်တိုင် မျက်ရည်ကျပြီး ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ ဟိန်းစိုး ပြော
ချစ်သူ Travel Blogger အတွက် ခရီးသွားပုံတွေ ရိုက်ပေးနေတဲ့ အဆိုတော် နေဝင်း
“ဗီဒီယိုဈေးကွက် ပျက်လို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ဒုက္ခရောက်နေကြတယ်”
ပညာရေးမှာ ဘွဲ့မရပေမယ့် အနုပညာမှာ အကယ်ဒမီ ရလို့ ပျော်နေတဲ့ အေးမြတ်သူ