မြန်မာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူးနေတဲ့ ဒါရိုက်တာ သြရသက မကြာခင် ရုံတင် ပြသတော့မယ့် “စရိုက်” ရုပ်ရှင် ရိုက်ကူးတဲ့ အချိန်မှာ အရင်ဇာတ်ကားကို မကြည့်ခဲ့သလို အရင်ကြည့်ခဲ့ဖူးသူတွေ ကြိုက်ပါ့မလား ဆိုတာထက် ဒီဘက်ခေတ်ခါနဲ့ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားထားလို့ ဆိုပါတယ်။
“စရိုက် ဇာတ်ကားက ကျနော့် ၆ ကား မြောက်ပါ။ အောင်ခေတ်မင်းက ရွေးချယ်တဲ့ ဇာတ်ပေါ့။ ဆရာ မိုက်မိုက်(ပြည်)ရဲ့ ဇာတ်ကို လာပြတာနဲ့ ရိုက်ဖြစ်သွားတာပါ။ စရိုက်က လွန်ခဲ့တဲ့ နှစ် ၃၀ က အန်တီ ဒေါ်ဝါဝါဝင်းရွှေတို့ ‘ဒေါင်ဒေါင်မြည်တဲ့ အသည်း’ ဆိုပြီး ရိုက်ဖူးတယ်။ အဲ့တုန်းကလည်း ပရိသတ်ကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တယ်ပေါ့။ ကျနော် အဲ့ဇာတ်ကားတော့ မကြည့်ဖူးဘူး။ ရုပ်ပြတော့ ဖတ်ခဲ့ဖူးတယ်”လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
“အရင်ကြည့်ခဲ့ဖူးသူတွေ ကြိုက်ပါ့မလားဆိုတာထက် ဒီဘက်ခေတ်ခါနဲ့ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစား ထားပါတယ်။ အောင်မင်းခေတ်မင်းနဲ့ ရိုက်ပြီဆိုကတည်းက ကျော်ထက်အောင်က အောင်ခေတ်မင်းရဲ့ မင်းသားဆိုတော့ စရိုက်ကားမှာ ကျော်ထက်အောင်ကို ဘယ်နေရာမှာထားမလဲ စဉ်းစားတယ်။ ကျောင်းဆရာ ဇာတ်ရုပ်ဆို သူလုပ်နေကျ ဖြစ်နေတာကြောင့် စပယ်ယာ တင်မောင်ဝင်း နေရာမှာပဲ ထားမယ်ဆိုပြီး ထားခဲ့တယ်”
“ကျော်ထက်အောင်လည်း တော်တော်လေး ကြိုးစားပါတယ်။ ကျနော့်အနေနဲ့ ကျော်ထက်အောင်က သရုပ်ဆောင်ကောင်း တယောက်ပါ။ သူ့မှာ အတွေ့အကြုံ နည်းနေသေးတဲ့အတွက် ပြုပြင်ယူပေးရတာတွေ လမ်းကြောင်း တည့်မတ်ပေးရတာတွေတော့ ရှိတာပေါ့”လို့ ဒါရိုက်တာ သြရသက ဆိုပါတယ်။
“စရိုက်” ဇာတ်ကားမှာ အမှတ်တရတွေ ရှိတဲ့ ဒါရိုက်တာ သြရသက ဒီကားဟာ သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ အရမ်း လိုက်ဖက်တယ်လို့ ဆိုပါတယ်။
“အန်တီ ဝါဝါဝင်းရွှေ(ဘဲဥမ) နဲ့ မခိုင်လေး(ဘဲဥမ) တို့ ဘာကွာလဲဆိုတာ ပရိသတ်တွေက ပြောပါလိမ့်မယ်။ ဒီကားက မခိုင်လေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။ မခိုင်လေးက ဘဲဥမဆိုတဲ့ ကာရိုက်တာနဲ့ တထပ်တည်း ကျတယ်လို့ မြင်ပါတယ်။ မခိုင်ကြီးလည်း အရမ်းကောင်းတယ်။ ကိုလူမင်းကလည် အရမ်းကောင်းပါတယ်။ ကျနော်ဒီ ဘက်ခေတ် ပြန်ရိုက်တာဆိုတော့ ပြောင်းလဲပြီး ရိုက်ကူးထားပါတယ်”လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
ဆက်လက်ပြီး “ဒီကားက ကျနော့်အတွက် အမှတ်တရပါပဲ။ ဘာလို့လဲဆိုတော့ အန်တီဝါ ရိုက်ခဲ့တဲ့ကားကို ပြန်ရိုက်ရတဲ့အတွက်ရော၊ ဆရာ မိုက်မိုက်(ပြည်) ဇာတ် ဖြစ်တာကြောင့် အမှတ်တရပါ။ စရိုက်ကားမှာ အားလုံး အကောင်းဆုံး ကြိုးစားထားကြပါတယ်။ ပရိသတ်ကြိုက်မယ်လို့ ထင်ပါတယ်”လို့ သြရသက ဆိုပါတယ်။
ဒါရိုက်တာ သြရသဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ “မုန်းစွဲ” ရုပ်ရှင် ဇာတ်ကားနဲ့ “အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု”ကို ရရှိခဲ့ပါတယ်။ ဒါရိုက်တာ သြရသ ရိုက်ကူးတဲ့ “စရိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံ ထပ်မံ လျှောက်ထားမှု ပယ်ချခံရ
တပတ်မှာ ၂ ကြိမ်ခန့် အာလူးကြော်စားသူတွေဟာ အသက်တိုနိုင်ကြောင်း လေ့လာတွေ့ရှိ
ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဂျပန်နိုင်ငံက ဟီရိုရှီးမား အမှတ်တရ ပြတိုက်
“Lady Boy” ရုပ်ရှင်ကို ၆ လပိုင်း၊ ၆ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကိုဘိုစန်း ပြော