ဇာတ်ညွှန်း မိုးနီလွင်က သူ ဇာတ်ညွှန်း ရေးသားထားတဲ့ “ဧည့်သည်” နဲ့ “စရိုက်” ရုပ်ရှင် နှစ်ကားကို တပြိုင်တည်း ရုံတင်တာ မကြိုက်သလို တခြားကားတွေ ရုံတင်ဖို့ ကျန်သေးတယ်လို့လည်း ဆိုပါတယ်။
“ဒီနှစ်ထဲမှာလည်း တော်တော်ကောင်းတဲ့ ကားလေးတွေ တင်ပါလိမ့်မယ်။ ကိုနေတိုးရဲ့ အထက်တန်းစား ဇာတ်ကားတို့၊ 25% တို့ ရုံပေါ်ရောက်ဖို့ စောင့်နေတဲ့ ကားတွေ အများကြီးပါပဲ။ စရိုက်ရော၊ ဧည့်သည်ရော ရုံတင်တာပေါ့”
“ဧည့်သည်မှာဆိုလည်း ကြည့်လိုက်ရင် သာမန် အချစ်ဇာတ်လမ်းလေး တခုပေါ့။ အချစ်မှာ ဘယ်ဟာတွေ စောင့်ထိန်းသင့်သလဲ။ ဘယ်ဟာတွေ အလွန်အကျူး မဖြစ်သင့်ဘူးလဲ ဆိုတဲ့ သင်ခန်းစာလေးတွေ ကြည့်ရင်းနဲ့ ရသွားမယ့် ဇာတ်ကားလေးပါ။ စရိုက်ဇာတ်ကား ကျတော့လည်း စရိုက်ကြမ်းကြမ်းတွေ တွေ့မြင်ရပေမယ့် ဇာတ်လမ်းထဲမှာတော့ မိန်းကလေးတယောက် လောကဓံကို ရင်ဆိုင်တဲ့ သတ္တိတွေကို မြင်ရမှာပါ။ ဇာတ်ကားနှစ်ကား တပြိုင်တည်း တင်တာတော့ မကြိုက်ဘူး”လို့ ဇာတ်ညွှန်း မိုးနီလွင်က ပြောပါတယ်။
အချစ်၊ ရိုမန့်စ် ဒရာမာတွေ အရေးများတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်က “စရိုက်” ရေးသားချိန်က ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ဖူးကြားဖူးနေတာတွေကို ထည့်ရေးတယ်လို့ ဆိုပါတယ်။
“ကျနော့်ဆီလာတဲ့ ဇာတ်ကားတွေက အချစ်ကားတွေပဲ များတယ်။ အချစ်နဲ့ ရိုမန့်စ်၊ ဒရာမာရေးတာ ပိုင်တယ်ပေါ့။ ဒါပေမဲ့ စရိုက်မှာက အရင် အန်တီဝါ ကားကိုလည်း ကြည့်ဖူးတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒီခေတ်မှာ ဒီကားကို ဘာလို့ ပြန်မရိုက်ကြသေးတာလဲလို့ စောင့်နေတာ။ အဲ့မှာ အောင်ခေတ်မင်းက ရိုက်မယ်ဆိုတာနဲ့ ရေးဖြစ်သွားတယ်။ ကျနော်ရေးတဲ့ ကားမှာ စရိုက်က ထူးခြားတယ်။ နောက်လည်း အဲ့လို ကားမျိုးက ထွက်ဖို့ မရှိဘူး။ စရိုက် ရေးချိန်က ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ဖူး ကြားဖူးနေတာတွေကို ထည့်ရေးတာပေါ့”လို့ မိုးနီလွင်က ပြောပါတယ်။
“ဧည့်သည်” ဇာတ်ကားမှာ ဖြိုးငွေစိုးနေရာကို တော်တော် ရွေးချယ်ခဲ့ရပြီး ဖြိုးငွေစိုး သရုပ်ဆောင်ပေးတာကြောင့် ဒိုင်ယာလော့တွေ ပိုကောင်းသွားတာလို့ မိုးနီလွင်က ဆိုပါတယ်။
“ဧည့်သည်ဇာတ်ကားမှာ ဖြိုးငွေစိုး ဒိုင်ယာလော့တွေ မိုက်နေတာက ဖြိုးငွေစိုး သရုပ်ဆောင်ပေးလို့ အဲ့ကားက ပိုအသက်ဝင်ပြီး ကြွတက်လာတာပါ။ အဲ့နေရာကို တော်တော်လေး ရွေးရ ခက်တယ်။ ဖြိုးငွေစိုးလုပ်ပေးမယ် ဆိုတဲ့အချိန်မှာ ကျနော် တော်တော်လေး စဉ်းစားရတယ်။ သူက မင်းသား တယောက်ပဲလေ။ သူ့နေရာကိုလည်း မထိခိုက်အောင် သူ့ရဲ့အချစ်ကို ပြပေးလိုက်တဲ့ စကားလုံးတွေပါ”လို့ မိုးနီလွင်က ပြောပါတယ်။
ဆက်လက်ပြီး မိုးနီလွင်က “ဧည့်သည်”ရုပ်ရှင်ကို တခြား ဇာတ်လမ်းနဲ့ တူနေတယ်ဆိုပြီး ပရိသတ်အချို့က ပြောကြတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။
“ဧည့်သည်ကားကို တူနေတယ်။ ဘယ်သူ့ ဇာတ်လမ်းဆိုပြီး ပြောကြတယ်။ ဇာတ်လမ်းက အပြင်မှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ဖြစ်ဖူးကြတယ်။ အပြင်မှာ ဖြစ်တတ်တာလေးကိုပဲ ရေးထားတဲ့ ဇာတ်လမ်းမို့ သွားတိုက်ဆိုင်တာ နေပါလိမ့်မယ်။ ဇာတ်ကားတွေက အောင်မြင် လူကြိုက်တဲ့အခါ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်လမ်းတွေက အကြီးကြီးတွေ ဖြစ်နေတယ်”လို့ မိုးနီလွင်က ပြောပါတယ်။
ဇာတ်ညွှန်း မိုးနီလွင်ဟာ ဆရာဝန်ဘဝကနေ စာရေးဆရာအဖြစ် လုပ်ကိုင်ရာမှ အောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာ တယောက် ဖြစ်လာပါတယ်။ မိုးနီလွင် ရေးသားထားတဲ့ “ဧည့်သည်” နဲ့ “စရိုက်” ဇာတ်ကား နှစ်ကားလုံး မေလ ၃၀ ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။
You may also like these stories:
“ဖြိုးငွေစိုးက သရုပ်ဆောင် အမူအရာ ပိုကောင်းလာတယ်”လို့ သားညီပြော
“စရိုက်” ရုပ်ရှင်က ကျနော့်အတွက် ဘဝမှတ်တိုင် တခုပါလို့ ကျော်ထက်အောင် ပြော
“အနုပညာသက်တမ်း ၉ နှစ်အတွင်း တော်တော်သည်းခံခဲ့ရတယ်”လို့ ဆုထက်ကုဋေ ပြော
“မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို Channel လိုင်းတွေကနေ ပြသဖို့ စီစဉ်နေတဲ့ ခွန်းဆင့်နေခြည်