ဒီတခါမှာတော့ IMDB Rating (6.8) ထိ ရရှိထားပြီး မင်းသားကြီး Johnny Depp ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Comedy, Drama ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Wayne Roberts က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Johnny Depp, Rosemarie DeWitt, Danny Huston, Zoey Dutch နဲ့ Odessa Young တို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်း အကြောင်းအရာကတော့ တက္ကသိုလ် ပါမောက္ခတဦးဖြစ်တဲ့ ရစ်ချက်ဟာ ကင်ဆာရောဂါကြောင့် သူ့ဘဝရဲ့လက်ကျန်သက်တမ်း အချိန်သိပ်မကျန်တော့ဘူးဆိုတာကို သိခွင့်ရခဲ့ပြီး ကျန်ရှိနေတဲ့ သက်တမ်းလအနည်းငယ်မှာ သူဘာတွေ ဆက်လုပ်မလဲဆိုတာကို စတင်ပြင်ဆင်ပုံနဲ့ အစပြုထားပါတယ်။
လူ့လောကကြီးထဲမှာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့သူ တဦးအနေနဲ့ ဆေးရုံကုတင်ပေါ်မှာပဲ ကုသမှုခံယူပြီး အချိန်ကုန်ဆုံးမလား၊ နောက်ဆုံးထွက်သက်အထိ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီးနေမလားဆိုတာကတော့ ပရော်ဖက်ဆာ ရစ်ချက်တယောက် ဆုံးဖြတ်ရမှာပါ။
သူ့ရဲ့ရောဂါအခြေအနေကို ကျောင်းကို အသိပေးရမှာဖြစ်သလို သူ့မိသားစုဝင်တွေကိုလည်း အသိပေးဖို့ ဆရာဝန်က ပြောထားပေမယ့် အိမ်ထောင်ရေး အဆင်မပြေတဲ့ အခြေအနေတခုမှာ သူ့ဘက်က ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ပီတာကိုသာ သူ့အခြေအနေကို အသိပေးထားခဲ့ပြီး ကျောင်းကနေ ခွင့်ရက်ရှည်ယူဖို့နဲ့ သူနေထိုင်ရှင်သန်ရာ လူမှုအသိုင်းအဝိုင်း ဘောင်ကျဉ်းကျဉ်းလေးကနေ ရုန်းထွက်ဖို့ကို ရစ်ချက်တယောက် ဘာတွေ ဆက်လုပ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ဖြစ်၊ မတင်ဖြစ်ကို အချိန်အတန်ကြာ စောင့်ဆိုင်းလိုက်ရတဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ဒီဇာတ်လမ်းရဲ့ Main Character နေရာမှာ Johnny Depp သရုပ်ဆောင်တာကြောင့်လည်း ဇာတ်လမ်းဟာ ပိုမိုကြွရွလာတာလို့ မြင်မိပါတယ်။
တသက်လုံးခေါက်ရိုးကျိုးနေတဲ့ လူမှုအသိုင်းအဝိုင်းကနေ လက်ကျန်အချိန်အနည်းငယ်အတွင်းမှာ သူဘယ်လို ရုန်းထွက်မလဲဆိုတာကတော့ Johnny Depp ရဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်လံ စီးမျောခံစားကြည့်ဖို့ တိုက်တွန်းရင်း ညွှန်းဆိုပေးလိုက်ပါတယ်။
You may also like these stories:
Pirates of the Caribbean ရုပ်ရှင်တွင် Johnny Depp ပါဝင်တော့မည်မဟုတ်
“Pirates of the Caribbean” ရုပ်ရှင်များကို Disney က ပြန်လည် ရိုက်ကူးမည်
“ရုပ်ရှင်ရိုက်ကူးရေး ပြီးချိန်တိုင်း စိတ်ကျရောဂါ ခံစားခဲ့ရတယ်” ဆိုတဲ့ Johnny Depp
ဇနီးဟောင်း Amber Heard က လက်သီးနဲ့ ထိုးခဲ့တယ်လို့ မင်းသား Johnny Depp စွပ်စွဲ