ဝါရင့်ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် အေးသီတာကတော့ မကြာခင် ဒါရိုက်တာ ဇော်မြင့်ဦး ရိုက်ကူးမယ့် ဆရာမခင်ခင်ထူးရဲ့ ဝတ္ထု “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် မပုန်းရည်ရဲ့ သူငယ်ချင်း ကျောင်းဆရာမ နေရာမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ဒီကားထဲမှာ ကျမက ကျောင်းဆရာမလေး မခိုင်လေးရဲ့သူငယ်ချင်း တိုင်ပင်ဖော်တိုင်ပင်ဖက် ကျောင်းဆရာမလေးအဖြစ် ပါဝင်မှာပါ။ ဆရာမ ခင်ခင်ထူးက ကျမရဲ့ Idol ၊ ကျမအရမ်းကြိုက်တဲ့ စာရေးဆရာမ။ “မအိမ်ကံ” ဝတ္ထုဆိုရင်လည်း ဖတ်ရင်းနဲ့ ဒီနေရာလေးက ငါဆိုပြီး အမြဲ စိတ်ကူးယဉ်ဖူးတယ်။ ဆရာမရဲ့ ဝတ္ထုမှ ာပါဝင်ခွင့်ရတဲ့ အတွက်ကျေနပ်တယ်။ ပျော်တယ်”လို့ သရုပ်ဆောင် အေးသီတာက ပြောပါတယ်။
အရင်တုန်းကလို ရုပ်ရှင်ဇာတ်ကားများနဲ့ ဗီဒီယိုဇာတ်ကားများသာရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲများ ခေတ်စားလာတဲ့အပေါ်မှာ အေးသီတာကအခုလိုပြောပါတယ်။
“အမှန်တော့ ကျမတို့က အနုပညာအလုပ် လုပ်ချင်နေတာလေ။ ဗီဒီယိုရိုက်လည်း အနုပညာအလုပ်လုပ်နေရတာပဲ။ ရုပ်ရှင်ရိုက်လည်း အနုပညာအလုပ် လုပ်နေတာပဲ။ ဇာတ်လမ်းတွဲလည်း အနုပညာအလုပ်ပဲ။ ဘယ်ဟာမဆို အနုပညာအလုပ်ကို လုပ်နေရတာဖြစ်တဲ့အတွက် ကြိုက်တယ်” လို့ အေးသီတာက ပြောပါတယ်။
ဇာတ်ပို့သရုပ်ဆောင်များမှာ ဗီဒီယိုလောကပျက်ခဲ့ပြီးနောက် အလုပ်အကိုင်များ ရှားပါးလာကြပြီး ဒုက္ခရောက်နေတာတွေလည်း ရှိနေတဲ့အပေါ်မှာ မကူညီနိုင်တဲ့အတွက် တခြားသောသူများက ဝိုင်းဝန်းကူညီစေချင်တယ်လို့ ပြောပါတယ်။
“တခြား လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ်က မကူညီနိုင်ဘူးလေ။ ကူညီနိုင်လောက်တဲ့ အနေအထား မရှိဘူး။ သူတို့တွေကို အလုပ်တွေ ရစေချင်တယ်။ ဝိုင်းဝန်းပြီးတော့ ကူညီစေချင်တယ်။ ကျမ ပုံမှန်လေး ရပ်တည်လာနိုင်တာကတော့ အဓိကကတော့ ဘုရားတရား ဂုဏ်ကျေးဇူးရယ် မိဘကို လုပ်ကျွေးတဲ့ အကျိုးရယ်၊ နောက်ပြီး ကိုယ့်အနုပညာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် နေတယ်လေ။ ပေါင်းသင်းဆက်ဆံရေးကြောင့်လို့ ထင်ပါတယ်” လို့ အေးသီတာက ပြောပါတယ်။
အေးသီတာကတော့ သူ့ကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်များအပေါ် ကျေးဇူးတင်ပြီး ဇာတ်ကားများများ ရိုက်ရဖို့အတွက် ပရိသတ်များအနေနဲ့ ဇာတ်ကားများမှာ မအေးသီတာပါမှဖြစ်မယ် ဆိုပြီး ရေးပေးကြပါလို့ ဆိုပါတယ်။
“အခုအချိန်ထိအားပေးတာကို အရမ်းကျေးဇူးတင်တယ်။ ဘာပဲပြောပြော အများကြီးအားပေးကြပါလို့။ ဒီကားမှာ မအေးသီတာပါမှ ဖြစ်မယ်လို့ များများရေးပေးကြပါ။ အဲဒါမှ ပရိုဂျူဆာတွေ ဒါရိုက်တာတွေ ငှားမှာ။ ပရိသတ်ကြီး ကျေးဇူးတင်ပါတယ်။ ကျန်းမာပါစေ။ ချမ်းသာပါစေ။ စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေ။ ကျမတို့ရဲ့ မြန်မာကားတွေ၊ မြန်မာသရုပ်ဆောင်တွေကို အားပေးကြပါ” လို့ အေးသီတာက ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် အေးသီတာက လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲမှာသာ ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။
You May Also Like These Stories:
Tom Boy အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT တွေကို ထိခိုက်မှာ စိုးရိမ်တဲ့ သဲသဲဆုငြိမ်း
“ဧည့်သည်” ရုပ်ရှင်မှာ Rapper ကောင်မလေးအဖြစ် မြင်တွေ့ရမယ့် သဉ္ဇာမြင့်မိုရ်