ရုပ်သံဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် အောင်ရေချမ်းကတော့ မီဒီယာ အင်တာဗျူးတခုမှာ စာရေးဆရာမ ခင်ခင်ထူးရဲ့ နာမည်ကို မှားပြောမိတဲ့အပေါ် ဝေဖန်တာကို လက်ခံတယ်၊ စာဖတ်အားနည်းတာလည်း ဝန်ခံတယ်လို့ ပြောပါတယ်။
“အောင်မြင်မှုတိုင်း ဝေဖန်မှုဆိုတာ ကပ်ပါလာတာပေါ့။ ကျနော် အောင်မြင်လာတော့ ဝေဖန်တဲ့သူတွေ ရှိသလို အကောင်းမြင်တဲ့သူတွေလည်း ရှိတယ်။ အဲဒါ အရမ်းလက်ခံတယ်။ အခု ကျနော် မှားတာတွေကို ထောက်ပြပေးကြတယ်။ ပြင်ဆင်ခွင့်လည်း ရှိသလို ပြင်ဆင်ချိန်လည်း ရှိတယ်။ အမှားရှိတဲ့အတွက် အမှန်ဖြစ်အောင် ကိုယ့်မှာ ပိုပြီး မြင်စေတဲ့ အတွက် ကိုယ့်အားနည်းချက်ကို ပြင်ဆင်ရမယ်”
“ကျနော့်ကို စာဖတ်အားနည်းတယ်လို့ ပြောကြတယ်။ ကျနော် အမှန်တိုင်း ဝန်ခံပါတယ်။ စာဖတ်အား နည်းပါတယ်။ ကျနော် အနုပညာသမားအနေနဲ့ ကိုယ်ရိုက်မယ့် ကာရိုက်တာအတွက် တဖက်ကို မေ့ထားတာမျိုးလည်း ရှိပါတယ်။ တဖက်ကို ဇောက်ချ လုပ်ချိန်မှာ တဖက်ကို မေ့ထားချင်ပါတယ်။ နှစ်ဖက် ခွလုပ်ရင် ကိုယ်လုပ်တာတွေ လျော့တယ်လို့ ကျနော်တွေးတဲ့အတွက်ပါ။ ကျနော် အနုပညာကို ချစ်ပါတယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။
ဆက်လက်ပြီး သရုပ်ဆောင် အောင်ရေချမ်းကတော့ “ခသုံးလုံး”ရုပ်ရှင် ထုတ်လုပ်ရေးနဲ့အတူ စာရေးဆရာမ ခင်ခင်ထူးရဲ့ “ဆူးပန်းခွေ သွယ်ဘယက် နှင့် ပေရွက်လိပ် နားတောင်းဆင်” ဝတ္ထုကို ပြန်ရိုက်မယ့် ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကျနော် ဆရာမ ခင်ခင်ထူး ရဲ့ ‘ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်’ ဝတ္ထုကို ဖတ်နေပါတယ်။ တဝက်ပဲ ရှိပါသေးတယ်။ တဖက်က ရုပ်ရှင်ကားကြီး ရိုက်နေရင်းနဲ့ ဒီဝတ္ထုကို ဖတ်ရတာ ဖြစ်တဲ့ အတွက် လောလောဆယ် မပုန်းရည်အကြောင်းနဲ့ ရွာဓလေ့၊ မပုန်းရည် စိတ်ထားကိုတော့ သိထားပါတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
အောင်ရေချမ်းကိုတော့ အဲဒီဇာတ်လမ်းတွဲမှာ အင်ဂျင်နီယာ တယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရုပ်သံ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ အောင်ရေချမ်းကတော့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ရိုက်ကူးမှု ကွာခြားချက်တွေကိုလည်း အခုလို ပြောပါတယ်။
“ဇာတ်လမ်းတွဲတွေကို ရုပ်ရှင်ထုတ်လုပ်ရေးတွေက လက်တွဲတာ အများကြီး ကောင်းမွန်လာပြီး အများကြီး တိုးတက်လာမယ်လို့ မြင်ပါတယ်။ ကျနော်တို့ကလည်း ကာရိုက်တာ တခုကို ဘယ်လို ပြောင်းရမလဲ။ နိုင်ငံတကာကို ဘယ်လို ထိုးဖောက်ရမလဲ ဆိုတဲ့ အတွေးတွေ အများကြီး ဝင်လာပါတယ်။ ကျနော် လက်ရှိ ‘ဇာတ်လိုက်’ ရိုက်နေတယ်။ အဲ့ကားထဲမှာတော့ မတူကွဲပြားတဲ့ ပုံစံကိုတွေ့မြင်ရမှာပါ”
“ကျနော့်အတွက် ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင် ကွာခြားမှုကတော့ ရုပ်ရှင်ကျတော့ အဝတ်အစားတွေရော၊ မိတ်ကပ်ရော အစစအရာရာ စီစဉ်ရတာပေါ့။ ဇာတ်လမ်းတွဲကတော့ စီစဉ်ပေးထားပြီး ပြင်ဆင်စရာ မလိုဘူး။ အိုက်တင်အတွက် Mood ထည့်ထားရင် ရပြီ။ အဲ့လိုလေးတော့ ကွာတယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။
သရုပ်ဆောင် အောင်ရေချမ်းကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့“ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “ကိုတင်ဖေ” ကာရိုက်တာနဲ့ ပရိသတ်တွေက အားပေးခဲ့ကြပြီး “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ မှာလည်း “မင်းမျိုးနွယ်” အဖြစ် ပရိသတ်များက အထူး အားပေးခဲ့ကြပါတယ်။ အောင်ရေချမ်းက ဇာတ်လမ်းတွဲတွေ မပေါ်ခင်ကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်လာတာ အခုဆို ၁၀ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
You may also like these stories:
“ကိုတင်ဖေ” ကနေ “မင်းမျိုးနွယ်” ဇာတ်ရုပ်ထိ ပရိသတ်အားပေးခြင်းခံရတဲ့ အောင်ရေချမ်း
ကိုတင်ဖေ ကာရိုက်တာနဲ့ Star Awards မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင် အောင်ရေချမ်း
“အနုပညာတွေ ကြိုးစားလုပ်ရဦးမှာမလို့ အိမ်ထောင်ပြုဖို့ လိုသေးတယ်”လို့ အောင်ရေချမ်း ပြော