သရုပ်ဆောင် မင်းသမီး တယောက်အနေနဲ့ တခြား အနုပညာရှင်များကဲ့သို့ ထင်ပေါ်ကျော်ကြားအောင် နေထိုင်ခြင်းမျိုး မရှိဘဲ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးများမှလည်း အနားယူထားတဲ့ သရုပ်ဆောင် မိုးဟေကိုကတော့ ယနေ့အချိန်ထိ ဆွဲဆောင်မှုရှိတဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသမီးတွေထဲမှာ ဆွဲဆောင်မှုရှိတယ်လို့ ပရိသတ်က သတ်မှတ်ပေးထားတဲ့အပေါ် မိုးဟေကိုက သူမရဲ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။
“အဲဒီလိုမျိုး တကူးတကကြီး ဖန်တီးပြီးနေတာတော့ မရှိဘူး။ နဂိုကတည်းကလည်း အနေအေးလို့နဲ့ တူပါတယ်။ အဲဒီလိုမျိုးဖြစ်အောင်တော့ ဖန်တီးပြီးနေတာ မရှိဘူး။ သတ်မှတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ မိုးဟေကိုက ပြောပါတယ်။
မိုးဟေကိုကတော့ ဆိုရှယ်မီဒီယာကိုလည်း ကိုယ်တိုင်သုံးစွဲတာမျိုးမရှိဘဲ မကြာသေးမီအချိန်က ပရိသတ်များနဲ့ အဆက်အသွယ်ရှိစေရန် Page တခုပြုလုပ်ကာ သူမရဲ့လှုပ်ရှားမှုများကို တင်ပေးခဲ့တာ ဖြစ်ပါတယ်။
“ဆိုရှယ်မီဒီယာက မိုးရဲ့မန်နေဂျာတွေ မိုးကို သုံးပေးတယ်။ နောက်ပြီးတော့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ် မပြတ်ချင်ဘူး။ မိုးက Personal အကောင့် မသုံးဘူးဆိုတော့ အဆက်အသွယ် ရှိအောင်လို့ Page လေးထောင်ပြီး ဓာတ်ပုံလေးတွေ ရိုက်ပြီး တင်ပေးဖြစ်တာပါ။ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း တင်ပေးဖြစ်တယ်ပေါ့” လို့ မိုးဟေကိုက ပြောပါတယ်။
Facebook ပေါ်မှာ ထင်ပေါ်ကျော်ကြားပါက ဆယ်လီတယောက်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ယနေ့ခေတ်မှာတော့ မိုးဟေကိုကတော့ Facebook သုံးရတာကို မကြိုက်ဘဲ ပရိသတ်များပြောလွန်းတာကြောင့် Facebook Page ဖွင့်ထားတာ ၆ လခန့်သာရှိသေးတယ်လို့ သိရပါတယ်။
“အစကတည်းက မသုံးဖြစ်တာပါ။ သုံးရတာကိုလည်း မကြိုက်ဘူး။ အချိန်တိုင်း မသုံးဖြစ်တာပေါ့။ တချို့အချိန်တွေမှာတော့ သုံးဖြစ်တာပါ။ အရမ်းပြောလွန်းအားကြီးလွန်းလို့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်ချင်လို့ Page လေးကိုဖွင့်ထားတာ ၆ လလောက်ပဲရှိဦးမယ်” လို့ မိုးဟေကိုက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တခုခုပြုလုပ်ပြီးမှ သိတာမျိုးကို မဖြစ်ချင်ဘဲ လုပ်စရာမလိုဘူးလို့လည်း ထင်ကြောင်း မိုးဟေကိုက ပြောပါတယ်။ “တခုခုလုပ်ပြီးမှ ကိုယ့်ကိုသိတာမျိုးလည်း မဖြစ်ချင်ဘူး။ အဲဒီလို လုပ်စရာ မလိုဘူးလို့လည်း ထင်တယ်။ မကြိုက်တာပေါ့။ အဲဒီလိုမျိုး”လို့ မိုးဟေကိုက ပြောပါတယ်။
မိုးဟေကိုကတော့ သူမရဲ့မိခင်ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်ကူးမှုများကို နားထားပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးတခုလည်း ထောင်ထားသူတယောက်လည်း ဖြစ်ပါတယ်။
“ကြိုးစားပါဦးမယ်။ နားလည်ပေးကြပါလို့။ မိဘရဲ့ကျန်းမာရေးအခြေအနေ အကြောင်းကြောင်းကြောင့် ကားရိုက်လေးတွေနဲ့ ဝေးကွာနေတယ်။ အချိန်တော့ပြန်ပြီးတော့ ပေးဖြစ်မှာပါ”လို့ မိုးဟေကိုက ပြောပါတယ်။
မိုးဟေကို ပြောပြတဲ့ အလှအပနဲ့ ကျန်းမာရေး အကြောင်း
တကျော့ပြန်လာပေမယ့် ယခုတိုင် အောင်မြင်မှု ထိန်းထားနိုင်ဆဲ မိုးဟေကို