မြန်မာ့ရုပ်ရှင်ကို ၁၉၂၀ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပွဲတော် ကျင်းပသွားမယ့် အကြောင်းအရာများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မီဒီယာများကို အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်ဆိုရင် မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ပါပြီ။ ဒီနှစ် ၁ဝဝ ပြည့်ပွဲတော်မှာ စိန်ရတုတုန်းကလို ပြဇာတ်တွေလည်း ကကြမယ်။ ရုပ်ရှင်တွေလည်း ပြကြမယ်။ ဒါ့အပြင် ရုပ်ရှင်ပြခန်းတွေလည်း ရှိမယ်။ စတုဒီသာ ကျွေးပွဲတွေလည်း ရှိမယ်။ ဒါမျိုး စီစဉ်ထားတာ ရှိပါတယ်။ အကြိုအနေနဲ့ Logo ပြိုင်ပွဲတွေ၊ သီချင်းအဆိုပြိုင်ပွဲတွေ၊ Short Flim ပြိုင်ပွဲမျိုးတွေလည်း လုပ်မယ်လို့ ကျနော်တို့ စိတ်ကူးထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
“ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေကို ရုပ်ရှင်ရုံတွေမှာ ပြသဖို့အတွက် ပြောတာတွေလည်း ပါပါတယ်။ ရုပ်ရှင် နှစ် ၁၀၀ ကို ရည်ရွယ်ချက် ၄ ရပ်နဲ့ ကျင်းပဖို့ လုပ်ပါမယ်။ တချို့ကိစ္စတွေက ကျနော်တို့ လုပ်လည်း လုပ်ချင်တယ်၊ လုပ်လည်း လုပ်သင့်ပေမယ့် ငွေကြေး မတတ်နိုင်တဲ့ အပိုင်းတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါမျိုးတွေကိုတော့ နောက် ဆွေးနွေးပွဲတွေမှာ ထပ်ပြီးတော့ ဆွေးနွေးဖို့တွေ ရှိပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
အဆိုပါ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲ အကြို အထိမ်းအမှတ်အနေနဲ့ လုပ်သွားမယ့် အစီစဉ်တွေကိုလည်း ဦးဇင်းဝိုင်းက အခုလိုပဲ ဆိုပါတယ်။
“ကျနော်တို့ ဇွန်လထဲ ချောက်မြို့မှာ ရုပ်ရှင် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် အပင်ပေါင်း ၁၂ဝဝ စတင် စိုက်ပျိုးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ကိုခန့်စည်သူတို့ ဦးဆောင်တဲ့ ပရဟိတအဖွဲ့က သောက်ရေကန်တွေ၊ ရေတွင်းတူးတာတွေကို လုပ်သွားဖို့ ရှိပါတယ်။ နောက်နှစ်၊ ၂ဝ၂ဝ၊ ဧပြီလက စပြီးတော့ ရုပ်ရှင်နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ကျနော်တို့ကို အားပေးခဲ့တဲ့ ပြည်သူတွေ၊ ပရိသတ်တွေကို အကျိုးဖြစ်စေမယ့် အလုပ်တွေ လုပ်ဖို့ ရှိပါတယ်။ နှစ် ၁၀၀ ပြည့်ရင် မှတ်မှတ်ရရ ကျန်နေခဲ့ဖို့ စီစဉ်နေတာတွေ ရှိပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ပွဲတော်မှာ လူငယ် အနုပညာရှင်တွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ကြမလဲဆိုတာကိုလည်း ဦးဇင်ဝိုင်းက အခုလိုပဲ ပြောပါတယ်။
“လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်နိုင်ငံမှာမဆို၊ ဘယ်လောကမှာမဆို အရေးကြီးပါတယ်။ လူငယ်မျိုးဆက်သစ်ဆိုတာ မရှိရင် ဒီလောကက အဆင်မပြေနိုင်ပါဘူး။ ဒီလို နှစ် ၁ဝဝ ပြည့် ကျော်သွားပြီဆိုရင် နောက်ပိုင်းနှစ်တွေကို သယ်ဆောင်သွားမှာကလည်း လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကြီးမှာ လူငယ်တွေလည်း ပါဝင်ကြဖို့ ကျနော်တို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်”
“ဒီပွဲက ဘယ်လောက် တာဝန်ကြီးလဲဆိုရင် အရမ်းကို တာဝန်ကြီးပါတယ်။ ကျနော် တယောက်တည်း အနေနဲ့ ဘယ်လိုမှ ဒီလိုပွဲကြီးကို မလုပ်နိုင်ပါဘူး။ ဒါကြောင့် အားလုံး ပူးပေါင်းပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်ရတာ ဖြစ်ပါတယ်”လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်နဲ့ ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်ကို ပရိသတ်တွေ ဆက်လက် အားပေးကြဖို့လည်း ပြောပါတယ်။
“ကျနော်တို့ မြန်မာ့ရုပ်ရှင်က နှစ် ၁ဝဝ တိုင်ခဲ့ပါပြီ။ မြန်မာ့ရုပ်ရှင်ကို နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် သည်းခံပြီး အားပေးခဲ့လို့သာ မြန်မာ့ရုပ်ရှင်က တည်တံ့ ခိုင်မြဲခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့တွေလည်း ဆက်လက် ကြိုးစားနေမှာပါ။ မြန်မာရုပ်ရှင် နှစ် ၁ဝဝ မှသည် ထာဝရ ဖြစ်သည့်တိုင်အောင် ဆက်လက် အားပေးပါ”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
You may also like these stories:
မြန်မာ့ရုပ်ရှင် နိုင်ငံတကာ အထိရောက်အောင် ကြိုးစားဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
“လူတဦးရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းစေဖို့ ရုပ်ရှင် အစည်းအရုံးမှာ တာဝန်ရှိတယ်” ဆိုတဲ့ ဇင်ဝိုင်း
လတ်တလော ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကိုယ်တိုင် ဝန်ခံဖြေရှင်း