Entertainment

"အပြင်က နေခြည်ဦးက ရုပ်ရှင်ထဲက နှင်းနုလို မဟုတ်ဘူး"

လတ်တလော ရုပ်ရှင်ကြည့် လူငယ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ “ဧည့်သည်” ရုပ်ရှင်ကားထဲက နှင်းနုဆိုတဲ့ ကောင်မလေးနေရာမှာ သရုပ်ဆောင်ထားတဲ့ နေခြည်ဦးကတော့ အပြင်က နေခြည်ဦး အစစ်က ရုပ်ရှင်ထဲက နှင်းနုလို ကောင်မလေးမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

“အခက်အခဲကတော့ အများကြီး မရှိပါဘူး။ အဓိကက နှင်းနုဆိုတဲ့ ကောင်မလေးက သူ့ရည်းစားက တခြား ကောင်မလေး တယောက်နဲ့ အဆက်အသွယ် ရှိသွားတာကို သိတဲ့အချိန်မှာ သူ့ရင်ထဲမှာ မခံစားနိုင်ဘူး။ ဒီကားလေးက တောက်လျှောက် ဒီကောင်မလေးက သနားစရာကောင်းတဲ့ ကောင်မလေးဆိုတော့ နေခြည်လည်း နှင်းနု နေရာကပဲ သရုပ်ဆောင်ထားပါတယ်။ နေခြည်ဦးဆိုရင်လည်း အဲဒီလိုဖြစ်မှာ မဟုတ်ဘူး” လို့ နေခြည်ဦးက ပြောပါတယ်။

ဒီကားထဲမှာတော့ နေခြည်ဦးက သူ့ချစ်သူကောင်လေးက တခြားကောင်မလေးနဲ့ ချစ်ကြိုက်နေတာကို သိသွားပြီး ဝမ်းနည်းကြေကွဲနေတဲ့ ကောင်မလေး တယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ဒီကားလေး အောင်မြင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီကားလေးက လူငယ်တွေ အရမ်းကြိုက်တဲ့ ကားတကား ဖြစ်တဲ့အတွက် လူငယ်တွေက ဆိုရှယ်မီဒီယာ အရမ်းသုံးတယ်။ သူတို့ တင်တာလေးတွေ၊ သူတို့ Review လေးတွေ တင်တယ်။ သူတို့ သွားကြည့်တာလေးတွေ တင်တယ်။ ချီလီတွေလည်း အရမ်းအားပေးတာမြင်တော့ အရမ်းဝမ်းသာပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

တဖက်မှာလည်း အဆိုပါ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်မှုများ ရှိနေပြီး နေခြည်ဦးကတော့ ဒီလို ဝေဖန်မှုများကို အမြဲ ဖတ်တယ်လို့ ပြောပါတယ်။ “နေခြည်ကတော့ လူငယ်ဖြစ်တဲ့အတွက် ဝေဖန်မှုကို အရမ်းအားပေးတယ်။ ဝေဖန်မှလည်း သိရတာဆိုတော့လေ။ ဝေဖန်မှုတွေကိုလည်း အမြဲ ဖတ်တယ်။ ဝေဖန်တဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

လတ်တလောမှာလည်း နေခြည်ဦးက နေတိုးနဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေပြီး ဒီကားအတွက် စိတ်နှစ်ပြီး သရုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကိုနေတိုးနဲ့ တွေ့ဆုံရတဲ့ အတွေ့အကြုံကို ပြောပါဆိုရင် ကိုနေတိုးက အချိန်လည်း တိကျတယ်။ အရမ်းလည်း လေးစားရတယ်။ အဘက်ဘက်က ပြည့်စုံတဲ့ မင်းသားတယောက်လို့ မြင်တယ်။ သူက သီချင်းဆိုရော၊ သရုပ်ဆောင်ရော အားလုံးပေါ့။ သူနဲ့ သရုပ်ဆောင်တာ ၃၊ ၄ ရက်မှာ အပေးအယူ မျှလာတယ်။ ဒီကားကို စိတ်တော်တော် နှစ်ထားတယ်။ စောစောလည်း တင်မယ် ကြားတော့ ဒီကားကို နေခြည် တော်တော် မှန်းထားပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

Beauty Blogger အလုပ်နဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ နေခြည်ဦးကတော့ ယခုအခါမှာ သရုပ်ဆောင် အလုပ်ကိုလည်း တွဲဖက် လုပ်ကိုင်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးလာတာကို တွေ့ရပါတယ်။

You may also like these stories:

ကားအက်ဆီးဒင့်ကြောင့် အနားယူရာကနေ အလုပ်တွေ ပြန်လုပ်တော့မယ့် ဖွေးဖွေး

မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး

Miss Universe Myanmar ဖြစ်ချင်တဲ့ အိပ်မက် တကယ်ဖြစ်ခဲ့လို့ ပျော်နေတဲ့ အလှမယ် ဆွေဇင်ထက်

Loading