Entertainment

“အနှိမ်ခံရတဲ့စိတ်က တွန်းအားဖြစ်စေတယ်” လို့ မော်ဒယ်ထူးအောင် ပြော

မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုချိန်မှာ သရုပ်ဆောင်တယောက် ဖြစ်လာတဲ့ ထူးအောင်ကိုတော့ မိန်းကလေးပရိသတ်များက သူ့ရဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အထူးစိတ်ဝင်စားခဲ့ကြပါတယ်။

အဲဒီလို ပရိသတ်များနှစ်သက်ကြတဲ့ ခန္ဓာကိုယ်မရခင်က ပိန်ပိန်သေးသေးလေးဖြစ်ခဲ့ပြီး တချို့သောသူများထံမှလည်း အခြောက်လို့ မှတ်ချက်ပေးခြင်းခံခဲ့ရတယ်လို့ ထူးအောင်ကပြောပါတယ်။

“ကျနော်က အရင်ကပိန်ပိန်လေး။ ပိန်ပိန်လေးကိုမှ ပန့်ခ်လိုမျိုးဝတ်ရတာကိုကြိုက်တယ်။ ဘောင်းဘီကိုအောက်ချပြီး ဝတ်တော့ ကျနော့်ကို အခြောက်တွေဘာတွေပြောကြတယ်။ အခုချိန်ထိကို ပြောနေတုန်းပဲ။ ဒီခန္ဓာကိုယ်ဖြစ်တဲ့အထိကို ပြောနေတဲ့သူတွေအများကြီးပဲ” လို့ မော်ဒယ်ထူးအောင်ကပြောပါတယ်။

မကြာသေးခင်ကလည်း ထူးအောင်နဲ့သူငယ်ချင်းများစုပေါင်းကာ “Star Fitness Club” ကိုဖွင့်လှစ်ခဲ့ပြီး သူကိုယ်တိုင်လည်း ဝင်ကစားပေးတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

ထူးအောင်က သူလို ခန္ဓာကိုယ်မျိုးလိုချင်ကြတဲ့ သူများကိုလည်း သူ့ရဲ့ အတွေ့အကြုံများကို အခုလိုပြောပြခဲ့ပါတယ်။

“သူတို့မှာ တွန်းအားတခုမရှိသေးလို့ပေါ့။ ကျနော့်တုန်းကတော့ ခန္ဓာကိုယ်သေးတာပဲဖြစ်ဖြစ် မလှတာပဲဖြစ်ဖြစ် နှိမ်တဲ့သူတွေအများကြီးရှိတယ်။ အနုပညာအလုပ်လုပ်တော့ ပိုဆိုးတာပေါ့နော်။ မင်းမဖြစ်နိုင်ဘူးဘာညာ အဲ့လိုပြောတဲ့သူတွေ အများကြီးရှိတယ်။ အခုချိန်ထိလည်း အနှိမ်ခံရတာပါပဲ။ ဒါပေမယ့်အဲဒီစိတ်က ကျနော့်အတွက် တွန်းအားတခုလိုပဲ” လို့ ထူးအောင်ကပြောပါတယ်။

Gym မကစားချင်တဲ့အခါမျိုးတွေမှာတော့ သူ့ကိုဝေဖန်ခဲ့တဲ့ အသံများကို ကြားယောင်ပြီး သူတို့ပြောတဲ့စကားများက မဟုတ်တဲ့အကြောင်းကို သက်သေပြဖို့အတွက် ကြိုးစားပြီးကစား ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်အားမရှိလို့ပဲဖြစ်ဖြစ် မကစားချင်တာပဲဖြစ်ဖြစ် အဲဒီစကားလုံးတွေကို နားထဲကြားယောင်တယ်။ မင်းလုပ်မှရမယ်။ မင်းသူတို့စကားတွေမှားတယ်ဆိုတာ သက်သေပြန်ပြမှရမယ်ဆိုတဲ့ဟာ အများကြီးရှိတယ်” လို့ထူးအောင်ကပြောပါတယ်။

သူ့ရဲ့ Gym မှာလာဆော့ရင်လည်း ထူးအောင်နဲ့အတူ ဗိုက်လေ့ကျင့်ခန်းများ အတူတူလုပ်လို့ရမှာဖြစ်ပြီး ထူးအောင်ကတော့ မနက်ပိုင်းတွေမှာ ကစားဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်နဲ့ဗိုက်လေ့ကျင့်ခန်းတွေ တူတူရိုက်တာတွေ နည်းနည်းပါးပါးပေါ့။ ဆော့ဖြစ်တယ်။ ကျနော်က Gym မှာဆို မနက်ပိုင်းတွေအမြဲကစားတယ်။ ကိုယ်တိုင်လည်း သင်ပြပေးပါတယ်။ ဝတဲ့သူဆိုလည်း ပိန်သွားတဲ့အခါပိုလှတာပေါ့။ ပိန်တဲ့သူလည်း ခန္ဓာကိုယ်ကျစ်သွားရင် ယုံကြည်မှုတွေပိုရှိလာတာပေါ့။ အဓိကကတော့ ခန္ဓာကိုယ်လှတာ မလှတာထက်စာရင် ကျန်းမာရေးအတွက်တော့ ကစားသင့်တယ်ပေါ့” လို့ထူးအောင်ကပြောပါတယ်။

You May Also Like These Stories:

“Lady Boy” ရုပ်ရှင်မှာ ထိုင်းလိုပြောပြီး သရုပ်ဆောင်ထားတဲ့ ထူးအောင်

အရင်တုန်းက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်ခြင်းခံခဲ့ရတဲ့ ထူးအောင်

အရင်တုန်းက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်ခြင်းခံခဲ့ရတဲ့ ထူးအောင်

Loading