Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးဟာ ၂၀၂၀ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ “Wonder Woman 1984” ရုပ်ရှင်အတွက် ပိုစတာအသစ်တခုကို ပရိသတ်တွေထံ ချပြလိုက်ပါတယ်။
အဲဒီ ပိုစတာမှာ အဓိကဇာတ်ဆောင် Diana Prince ရဲ့ ဝတ်စုံအသစ် ပါဝင်လာတာကို တွေ့ရပါတယ်။ Wonder Woman မင်းသမီး Gal Gadot ရဲ့ တရားဝင် Instagram စာမျက်နှာမှာတော့ အမေဇုန်မင်းသမီးဟာ ရွှေရောင်ချပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မတ်တပ်ရပ်နေတဲ့ပုံနဲ့ အနောက်မှာ ဝတ်စုံရဲ့ အရပ်တွေနဲ့ လိုက်ဖက်ညီတဲ့ ကာလာစုံနောက်ခံကိုလည်း မြင်တွေ့ရပါတယ်။
အဲဒီ ပိုစတာနဲ့အတူ သတင်းဆိုးတခုက ထွက်ပေါ်လာပါတယ်။ Warner Bros. ဟာ အခုနှစ်ရဲ့ San Diego Comic-Con ပွဲမှာ Hall H မိတ်ဆက်မယ့် အစီအစဉ်ကို မပြုလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ ပြီးတော့ “Wonder Woman” ရုပ်ရှင်ဟာလည်း နှစ်စဉ်ကျင်းပနေတဲ့ အဲ့ဒီပွဲမှာ ပါဝင်လာဖို့ အစီအစဉ် မရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါ ဓာတ်ပုံပိုစတာနဲ့အတူ မင်းသမီး Gadot က “Warner Brothers က ဒီနှစ် SDCC မှာ အားလုံးကို မတွေ့နိုင်ဘူး ဆိုပေမယ့် အဲ့ဒီလိုဖြစ်လာရတာကို သိပ်စိတ်လှုပ်ရှားရပါတယ်။ အခုအထိတော့ ရှင်တို့တွေဆီကို လက်ဆောင် အသေးလေးတခု ပို့လိုက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
အမျိုးသမီး ဒါရိုက်တာ Patty Jenkins ကတော့ သူ့ရဲ့ Twitter စာမျက်နှာမှာ အဲ့ဒီပိုစတာကို ဝေမျှခဲ့ပြီးတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မင်းသမီးရဲ့ သတင်းစကားကို ထပ်ဆင့်ဝေမျှခဲ့ပါတယ်။
သူက “အခုတော့ ရှင်တို့ ကြားခဲ့ရတဲ့အတိုင်းပဲ WB ဟာ Hall H အစီအစဉ်မှာ ပါဝင်လာမှာ မဟုတ်ပါဘူး။ ရှင်တို့နဲ့ အဲ့ဒီမှာ လွဲရဦးမှာပါ။ ပြီးတော့ ကျမတို့ရဲ့ တရားဝင် #WW84 ကမ်ပိန်းစတင်မယ့် ဒီဇင်ဘာအထိ စောင့်ရဦးမှာပါ။ ဒါပေမဲ့ သေချာတာတော့ ကျမတို့ စောင့်နိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ဆိုလိုတာကတော့ WB ရဲ့ နောက်ထပ်ရု ပ်ရှင်တွေဖြစ်တဲ့ “Joker”, “Birds of Prey” နဲ့ “Dune” ရုပ်ရှင်တွေအတွက် ဇာတ်လမ်းကြိုတင် မိတ်ဆက်မှုလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စတူဒီယိုကတော့ ၅ ရက်ကြာကျင်းပမယ့် အဲ့ဒီကွန်ဗင်းရှင်းမှာ ဇူလိုင်လ ၁၇ နေ့ညမှာတော့ “It Chapter Two” ဆိုတဲ့အထူး ပွဲတခုကို ပြုလုပ်ဖို့စီစဉ်ထားပါတယ်။
“Wonder Woman 1984” ရုပ်ရှင်ဟာ Diana Prince ခေါ်ခဲ့ Wonder Woman က ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စစ်အေးခေတ်အတွင်း ဆိုဗီယက်ယူနီယံနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ပါဝင်ဖြစ်ခဲ့ပုံကို တင်ဆက်မှာပါ။ မင်းသား Chris Pine ကတော့ Steve Trevor အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ချီလီမင်းသား Pedro Pascal ကတော့ အမည်မသိရသေးတဲ့ ဇာတ်ရုပ်ကနေ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်အသစ်ကိုတော့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
“Wonder Woman” ဝတ်စုံဝတ်ပြီး ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ မင်းသမီး Gal Gadot
Dwayne Johnson နဲ့အတူ အက်ရှင်ဟာသ ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Gal Gadot
တတိယမြောက် ‘Wonder Woman’ ရုပ်ရှင်ကို စီစဉ်နေပြီလို့ ဒါရိုက်တာဆို