လိုက်ဖက်တဲ့ မနဲ့ မောင် စုံတွဲအဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ စုံတွဲကတော့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြပြီး သားဂန်းဟာ မိန်းမတယောက်ကို အလုပ်အကျွေးပြုနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ဘေဘီမောင်က ပြောပါတယ်။
“သူ (သားဂန်း)က အဆိုပိုင်းမှာဆိုရင် အရည်အချင်း ရှိတယ်။ Talent ရှိတယ်။ သူလည်း အရည်အချင်းတွေ စစ်ပြီးတော့မှ ရောက်ခဲ့တာဆိုတော့ သီချင်းဆိုတာ အရမ်းကောင်း။ ပရိသတ်တွေ လက်ခံတယ် ဆိုတော့လေ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အနုပညာအရည်အချင်းတွေ ချပြပြီးတော့ မိန်းမတယောက်ကို အလုပ်အကျွေးပြုနိုင်တဲ့ အရည်အချင်း ရှိပါတယ်”လို့ သားဂန်းရဲ့ ချစ်သူ ဘေဘီမောင်က ပြောပါတယ်။
မကြာသေးခင်ကလည်း ချစ်သူ နှစ်ဦး နယ်မှာ သီချင်းဆိုသွားရင်း ထီထိုးခဲ့ရာ ၅ သောင်းဆု ပေါက်ခဲ့ပြီး ကျပ်သိန်း ၁ သောင်းခွဲ ပေါက်ပါက မင်္ဂလာဆောင်မယ်လို့ ရည်စူးပြီးထိုးခဲ့တာလို့ သိရပါတယ်။
“နယ်မှာ သီချင်းသွားဆိုရင်းနဲ့ သားဂန်းနဲ့အတူ ထီထိုးမယ်ပေါ့။ ပေါက်ရင် လှူလို့ရတယ်ဆိုပြီး ထိုးတာ။ မင်္ဂလာစုံတွဲကျတော့ ပေါက်နိုင်ခြေ ရှိတယ်ဆိုတော့ ၁ အုပ်ပဲ ကျန်တော့တာကို ထိုးလိုက်တာ ပေါက်သွားတယ်။ နှစ်ယောက် အတူတူ ထိုးခဲ့တာ။ သူက ထီပေါက်ရင် မင်္ဂလာချက်ချင်း ဆောင်မယ်တဲ့။ အခုတော့ ၅ သောင်းပဲ ပေါက်တာ သနားပါတယ်”လို့ ဘေဘီမောင်က ပြောပါတယ်။
နှစ်ဦးသား စပ်တူထိုးတဲ့ထီ ပေါက်ခဲ့တာကြောင့် ကံစပ်တယ်လို့ ပြောရပြီး နှစ်ဦးသား ပတ်သက်မှုအား ပရိသတ်ကို ရိုးသားပွင့်လင်းစွာ ချပြခဲ့တဲ့အတွက် ပရိသတ်က လက်ခံခဲ့တာလို့လည်း ဘေဘီမောင်က ဆိုပါတယ်။
“ထီပေါက်တယ်ဆိုကတည်းက ဘာပဲပြောပြောသူနဲ့ အကြောင်းပါတယ်လို့ ပြောရမှာပဲ။ ကံစပ်တယ်ဆိုတာ အခုဆိုရင် သူသူကိုယ်ကိုယ် ပရိသတ်က အားပေးနေတဲ့အချိန်မှာ ရည်းစားထားရင် ယောကျ်ားလေးဆိုရင်လည်း အားမပေးတော့ဘူးတို့ ဘာတို့ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘေဘီလည်းအစက ကြောက်ခဲ့တယ်။ ပရိသတ် လျော့သွားမလား ဆိုတာကို ကြောက်ခဲ့တယ်။ ဒါပေမဲ့ ဘေဘီက ပွင့်ပွင့်လင်းလင်းနေတဲ့အခါမှာ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက ရိုးသားမှုနဲ့ ပရိသတ်ကို ပေးဆပ်ပြီး နေလိုက်တဲ့အခါမှာ လက်ခံတယ်” လို့ ဘေဘီမောင်က ပြောပါတယ်။
သားဂန်းကလည်း အမြင်ကတ်စရာကောင်းတဲ့ ကောင်လေးတယောက် မဟုတ်ဘဲ လိမ္မာတဲ့ သူတယောက်ဖြစ်ပြီး ဘေဘီမောင့်အတွက် ကောင်းကျိုးပေးတဲ့ ကောင်လေးလို့ ဘေဘီမောင်က ပြောပါတယ်။
“သူက အမြင်ကတ်စရာကောင်းတဲ့ ကောင်လေး မဟုတ်ဘူး။ အေးတယ်၊ ရိုးတယ်။ ကိုယ့်စကားလည်း တခွန်းပဲ။ လိမ္မာတဲ့ အခါကျတော့ ပရိသတ်ကလည်း သူ့ကိုချစ်တယ်ဆိုတော့ သူနဲ့ပေါင်းပြီးတော့ နှစ်ယောက် လက်ခံတယ် ဆိုကတည်းက သူက ကိုယ့်အတွက် ကောင်းကျိုးပေးတဲ့ ကောင်လေးလို့ ပြောလို့ ရတယ်။ နောက်ပြီး ကိုယ်က ဒါဆိုဒါပဲ ဆိုတော့ ကလန်ကဆန်လည်း မရှိဘူးဆိုတော့ စိတ်ချမ်းသာရတယ်။ ကောင်းကျိုးပေးတယ်လို့ ပြောချင်ပါတယ်”လို့ ဘေဘီမောင်က ပြောပါတယ်။
ဘေဘီမောင်နဲ့ သားဂန်းတို့ ချစ်သူ နှစ်ဦးကတော့ သူတို့ နှစ်ဦးရဲ့ ပတ်သက်မှုကို ပရိသတ်များအား တရားဝင်ချပြထားပြီး အခုချိန်မှာတော့ အရမ်းချစ်ကြတဲ့ မနဲ့ မောင် စုံတွဲအဖြစ် ပရိသတ်များက ချစ်ခင်လျက် ရှိပါတယ်။
You may also like these stories:
“ကိုယ်တိုင်က အဖေနဲ့ ပိုတူတယ်လို့ ခံစားရတယ်”ဆိုတဲ့ ဘေဘီမောင်
“အခုချိန်မှာ ယောကျာ်း မလိုချင်ဘူး၊ ကလေးတော့ လိုချင်တယ်” ဆိုတဲ့ ဘေဘီမောင်