သရုပ်ဆောင် ထွန်းအိန္ဒြာဗိုကတော့ အသက် ၁၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ အောင်ဗိုကောင်းသန့်ကို ဆုံးမတဲ့အခါ သူ့အရွယ်နဲ့သူ ထိုက်တန်တဲ့ ဆုံးမစကားတွေနဲ့ ဆုံးမတယ်လို့ဆိုပါတယ်။
“သားက ၁၃ နှစ်ဆိုတော့ လမ်းကြောင်းမှန် ရောက်ဖို့ မိဘတွေက Guide လုပ်ရတာပေါ့။ ဆက်လျှောက်ပြီး ကြိုးစားရမှာက သားသား တာဝန်ပါပဲ။ ဆယ်ကျော်သက်ထဲ ဝင်လာတော့ စိတ်ရှည်ရတယ်။ ဟော်မုန်း အပြောင်းအလဲနဲ့ ဆိုတော့ လွတ်လပ်ချင်တာလေးတွေ နားလည်ရတာပေါ့။ ချော့လိုက်၊ ခြောက်လိုက်၊ ဆူလိုက် ဟောက်လိုက်နဲ့ သွားနေရတာပေါ့။ ကျမတို့လည်း သူ့အရွယ်နဲ့သူ ထိုက်တန်တဲ့ ဆုံးမစကားလေးတွေ ပြောပေးရတာပေါ့”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
သားလေး အရွယ်ရောက်လာတဲ့အတွက် မိခင်တယောက် အနေနဲ့ အနုပညာအလုပ်ကို လျှော့လုပ်ရတာမျိုး ရှိလားဆိုတဲ့ အမေးကိုလည်း ထွန်းအိန္ဒြာဗိုက အခုလိုပဲ ဖြေပါတယ်။
“သားအရွယ် ရောက်လာလို့ အနုပညာ လျှော့လုပ်တယ် ဆိုတာတော့ မရှိဘူး။ ဒီသီချင်းတပုဒ် ဆိုချင်ရင် ဆိုမှာပဲ။ ဒီသီချင်းကြောင့် သားလေး ထိခိုက်မလား ဆိုတာတော့ မရှိဘူး။ အနုပညာအလုပ်ကို လုပ်တာ အနုပညာလုပ်တဲ့ စိတ်နဲ့ပဲ သွားတယ်။ သားသမီးကို ဘာသာတရား သင်ပြပေးဖို့က မိဘတွေရဲ့ တာဝန်ပဲ။ ဒါကြောင့် သားကိုလည်း သင်ကြားပေးပါတယ်”လို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
သရုပ်ဆောင် ထွန်းအိန္ဒြာဗိုရဲ့ သားဖြစ်သူ အောင်ဗိုကောင်းသန့်ဟာ မိခင်ဖြစ်သူလို အနုပညာအလုပ်တွေ သိပ်ပြီးတော့ ဝါသနာ မပါသလို မိခင်ရဲ့ ဇာတ်ကားတွေလည်း သိပ်မကြည့်ဖြစ်ဘူးလို့ ဆိုပါတယ်။
“မေမေ့ ကားတွေ တခါတလေတော့ ကြည့်ဖြစ်တယ်။ မြန်မာကားတွေ သိပ် ကြည့်လေ့ကြည့်ထ မရှိဘူး။ မေမေ့ ဇာတ်ကားတွေ ကြည့်ရင် ရင်ထဲမှာ တမျိုးကြီးပဲ။ သိပ်မကြည့်ချင်ဘူး။ ၅ နှစ်၊ ၆ နှစ် လောက်တုန်းကတော့ မေမေသီချင်းတွေ ဆိုရင် စင်နောက်မှာ လိုက်ကြည့်ဖြစ်တယ်။ စင်ရှေ့ကနေ မကြည့်ဖူးဘူး။ ရုပ်ရှင်ထဲမှာ ဟန်ဆောင်နေတာ သိပေမယ့်လည်း စိတ်ထဲမှာ တမျိုးဆိုတော့ မကြည့်ဖြစ်တော့ဘူး။ သားက သီချင်းတော့ နားထောင်တယ်။ ရုပ်ရှင်ရိုက်ဖို့တော့ သိပ်မစဉ်းစားဘူး”လို့ အောင်ဗိုကောင်းသန့်က ပြောပါတယ်။
“ကျောင်းမှာဆိုရင် သူငယ်ချင်းတွေက မေမေ့အကြောင်း အရမ်းမေးတယ်။ အခုလည်း ကျောင်းမှာ သား ဆရာမက သားကို မေမေ့အကြောင်း မေးဖူးတယ်။ မေမေက မြန်မာနိုင်ငံမှာပဲ လုပ်တာလား၊ အမေရိကမှာသွား မလုပ်ဖူးလားဆိုတော့ မေမေက သီချင်းလည်း ဆိုတယ်၊ သရုပ်ဆောင်အလုပ်လည်း လုပ်တယ်။ အမေရိကမှာလည်း သီချင်းတွေ သွားဆိုဖူးတယ်လို့ ပြန်ဖြေခဲ့တယ်”လို့ အောင်ဗိုကောင်းသန့်က ဆိုပါတယ်။
ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုတော်အဖြစ်လည်း အောင်မြင်သူတဦး ဖြစ်ပါတယ်။ အကယ်ဒမီ ၃ ဆုရှင် ထွန်းအိန္ဒြာဗိုကတော့ ခင်ပွန်း ဦးအောင်မင်းထွန်း၊ သား အောင်ဗိုကောင်းသန့်တို့နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ လတ်တလောမှာတော့ ထွန်းအိန္ဒြာဗိုက ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေပြီး သရုပ်ဆောင် ခန့်စည်သူ၊ ခိုင်သင်းကြည်တို့နဲ့အတူ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း လုပ်ကိုင်နေပါတယ်။
You may also like these stories:
မိဘတိုင်း သိထားသင့်တဲ့ ကမ္ဘာတဝှမ်းက ကလေးထိန်းကျောင်းပုံ နည်းလမ်းများ
“ဘာသာရေး ပိုလုပ်ချင်တာကြောင့် တနှစ်ကိုဇာတ်ကား ၂ကားလောက်သာရိုက်ကူးမယ်”လို့ ထွန်းအိန္ဒြာဗို ပြော
“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်”လို့ ထွန်းအိန္ဒြာဗိုပြော