“နှစ်ပတ်အလို” ဇာတ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က “နှစ်ပတ်အလို” ပထမဆုံးလုံးချင်းဝတ္ထုသစ်ဟာ ကော်ပီမဟုတ်ဘဲ အချိန် ၁၅လ ကြာပေးပြီးရေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော် ဝတ္ထုတိုလေးတွေ ဆောင်းပါးလေးတွေ ရေးဖြစ်တာကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းကရေးခဲ့တာပေါ့။ “နှစ်ပတ်အလို” စာအုပ်လေးကိုတော့ အချိန်၁၅လ ပေးပြီးရေးခဲ့ရတယ်။ ဒီစာအုပ်ကိုရေးဖြစ်တာကတော့ ရုပ်ရှင်မှာ အကန့်အသတ် တွေရှိတယ်။ ရုပ်ရှင်က ၂နာရီလောက်ပဲပြရတယ်။ စာအုပ်က ထူသွားရင် ဈေးနည်းနည်းပိုရောင်း လို့ရတယ်။ ရုပ်ရှင်က ကားရှည်သွားရင် ပိုက်ဆံပိုမရဘူး”
“အဲ့အကန့်အသတ်တွေ ကျော်သွားပြီး ဖန်တီးကြည့်ချင်တယ်။ ကျနော် ဓာတ်ပုံရိုက် တတ်တယ်။ စာရေးတယ်။ ကဗျာတွေတောင်ရေးတယ်။ ရုပ်ရှင်နဲ့ စာအုပ်ကတော့ ကွဲခြားမှုလေး တွေရှိပါတယ်။ ကျနော်ပထမဆုံးဗီဒီယိုက “နှင်းဆီဝိုင်”၊ ပထမဆုံးပြဇာတ်က “သရဲလေးကောင်”၊ ပထမဆုံးရုပ်ရှင်က “ကြည်ပြာရောင် နဂ္ဂတစ်များ” ၊ ပထမဆုံး အငြိမ့်က “နှင်းဆီ”၊ ကျနော်ပထမဆုံးလုံးချင်းစာအုပ်လေးကို အဲ့အခြေအနေလေးကို အကဲဖြတ်မှန်းစလို့ရမယ် ထင်ပါတယ်”လို့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဆိုပါတယ်။
“နှစ်ပတ်အလို” ဇာတ်ကားကို ရုံတင်မပြသခင်ကတည်းက အများက ကော်ပီကားလို့ ဝေဖန်နေကြတဲ့သူတွေ Facebook ပေါ်မှာ အများကြီးရှိခဲ့ပါတယ်။ မောင်မျိုးမင်းက Facebook ပေါ်မှာ ရေးသားသူတွေရဲ့ စာတွေကို Screenshot ရိုက်ထားသလို တကယ် ကော်ပီယူထားတဲ့ အခန်းတခန်းမှမပါခဲ့ဘူး ဆိုရင် အကောင့်ပိုင်ရှင်တွေ အားလုံးက ဂုဏ်သိက္ခာရှိစွာနဲ့ မှားကြောင်းဝန်ခံရမယ်လို့ဆိုပါတယ်။
“ ဇာတ်ကားလေးကို ကော်ပီ ဆိုပြီးပြောနေကြတယ်။ “Two Weeks” ဆိုတဲ့ ကားလေးက ဟာသကား ။ ကျနော်ကားက ဒရာမာကား။ ဒရာမာကားကိုရိုက်ထားတာ။ ပုံတင်လိုက်တာ ဒီဇိုင်နာက “s” ပြုတ်ကျန်ခဲ့တယ်။ ကျနော် မရှိဘူး။ ကျနော်က သြစတေးလျမှာရောက်နေတာလေ။ မူရင်းမှာ “s” ပါတယ်ဆိုပြီး ပြန်တင်ကြတယ်။ တင်တော့ ကုလားကားလို့ ပြောပြန်ရော”
“ နောက် Foot Chain လေးနဲ့ တင်တော့ ကိုရီးယားလို့ ပြောကြပြန်ရော။ အဲ့လို ပြောနေကြာတာ ပြဿနာတော့ မရှိဘူး။ ကျနော် Screenshot ရိုက်ထားတယ်။ ဇာတ်ကားပြတဲ့အချိန်ကြည့်လိုက် ယှဉ်ကြည့်လိုက် ဇာတ်ကားထဲက အခန်းတခန်းသွား တူတယ်ဆို ရင်ကြိုက်သလိုပြော။ ကျနော်ကို ဆဲသွားနိုင်တယ်။ တံတွေးနဲ့ထွေးသွားနိုင်တယ်”
“ ကော်ပီယူထားတဲ့ အခန်းတခန်းမှမပါခဲ့ဘူး ဆိုရင် အကောင့်ပိုင်ရှင်တွေ အားလုံးက ဂုဏ်သိက္ခာရှိစွာနဲ့ မှားကြောင်း ဝန်ခံရမယ်။ အဲ့လောက်တော့ ကျနော်ဘက် အပေးအယူမျှတတယ်လို့ ထင်တယ်။ Screenshot ရိုက်ထားတာတွေကိုလည်း ထုတ်ပြီး ရုံမှာ ဗီနိုင်းတွေကပ်ထားမှာ။ လက်လွတ်စပယ်ပြောတတ်တာလေး လည်းပျောက်သွားမယ် ”လို့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဆိုပါတယ်။
အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာ တဦးပါ။ သူရိုက်ကူး ပုံဖော်လိုက်တဲ့ ဇာတ်ကားတိုင်းဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ရုံတင်ပြသရန် နှစ်ပတ်သာလိုတော့တဲ့ “နှစ်ပတ်အလို”ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က သူကိုယ်တိုင် ရေးသားထားတဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
You may also like these stories:
“လူကြီးတွေ ကိုယ့်အသိစိတ်နဲ့ကိုယ် နုတ်ထွက်တာ ကောင်းတယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်း ပြော
ညှိနှိုင်းဆွေးနွေးမယ်ဆို အသင့်ရှိနေမယ်ဆိုတဲ့ ဒါရိုက်တာမောင်မျိုးမင်း
ကျနော်တို့က ခါတော်မီ နီတာ မဟုတ်ဘူးဆိုတဲ့ ဒါရိုက်တာမောင်မျိုးမင်း