တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ Asia Model Awards ဆုပေးပွဲမှာ မြန်မာနိုင်ငံက သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်နဲ့ အလှမယ် ဟန်တီတို့ နှစ်ဦးဟာ အာရှမှာ အောင်မြင်သူများကို ပေးအပ်ချီးမြှင့်တဲ့ ဆုများ အသီးသီး ရရှိခဲ့ကြပါတယ်။
ဒီပွဲကိုတော့ နှစ်စဉ် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ Asia Special Award ဆုကို ရရှိခဲ့ပြီး အလှမယ် ဟန်တီကတော့ Asia Model Star Award ဆုတို့ကို ရရှိခဲ့ကြပါတယ်။
Asia Model Awards ဆုပေးပွဲစင်မြင့်ထက်မှာတော့ ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ ပရိသတ်များကို ကျေးဇူးတင်စကားပြောခဲ့ပြီး အလှမယ် ဟန်တီကတော့ ကိုရီးယားဘာသာစကားနဲ့ ကျေးဇူးတင်စကားအသီးသီး ပြောခဲ့ကြပါတယ်။
Asia Model Awards ဆုပေးပွဲကိုတော့ တောင်ကိုရီးနိုင်ငံ၊ ဆိုးလ်မြို့ Olympic Hall မှာ ကျင်းပခဲ့ပြီး အာရှနိုင်ငံအသီးသီးမှ နာမည်ကြီး အနုပညာရှင်များနဲ့အတူ မြန်မာနိုင်ငံမှ ဝတ်မှုံရွှေရည်နဲ့ ဟန်တီတို့က တက်ရောက်ကာ ဆုယူခဲ့တာ ဖြစ်ပါတယ်။
ဟန်တီကတော့ Asia Model Awards ဆုပေးပွဲမှာ Asia Model Star Award ဆုတို့ကို ရရှိခဲ့ရုံသာမက မော်ဒယ် လောကထဲကို စရောက်ခဲ့ပြီး ပထမဆုံးဆု ရရှိခဲ့တဲ့ ပြိုင်ပွဲကြီးဖြစ်တဲ့ Face of Asia 2019 ပြိုင်ပွဲကြီးမှာလည်း ဒိုင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့တဲ့ ဆုဖြစ်တာကြောင့် ပရိသတ်များကို အထူး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံမှာ အောင်မြင်ရုံသာမက ယခုအချိန်မှာတော့ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင် မင်းသားနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီး တွဲဖက် ရိုက်ကူးလျက်ရှိပါတယ်။
You may also like these stories:
“မအေးသောင်းဆိုတာ ပရိသတ်ရဲ့အရုပ်လေးပါ”
ဖက်ရှင်ဆုရခဲ့တဲ့အတွက် နောက်ပိုင်းမှာ ဖက်ရှင်ပိုင်းကို အလေးပေးသွားမယ့် အလှမယ် မေမြတ်နိုး
ရွှေအိမ်စည်အကြောင်းပြောပြတဲ့ အလှမယ်မေမြတ်နိုး