မြန်မာ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် နေမျိုးအောင်ဟာ လက်ရှိ ဗီဒီယိုခေတ် ပျက်တာဟာ မင်းသားသစ် တယောက် ထပ်မံပေါ်ပေါက်ဖို့ အရမ်း ခဲယဉ်းသွားပြီလို့ ဆိုပါတယ်။
“ကျနော်တို့ဆီမှာ ဗီဒီယိုကနေ စခဲ့တဲ့သူ တော်တော်များပါတယ်။ ကျနော်လည်း သရုပ်ဆောင် မင်းသားတယောက် ဖြစ်ဖို့အတွက် ဗီဒီယိုကနေ စခဲ့ရတာ။ ဒါပေမဲ့ ဗီဒီယိုဈေးကွက် ပျက်သွားတော့လည်း စိတ်မကောင်းဘူးပေါ့။ ဘာကြောင့် စိတ်မကောင်းတာလဲဆိုတော့ မင်းသားတယောက် ထပ်ပြီး ပေါ်ပေါက်လာဖို့ဆိုတာ အရမ်းကို ခဲယဉ်းသွားပြီ။ အရင်က ဗီဒီယိုနဲ့ မင်းသားတွေ တင်ကြတာ များတယ်လေ”
“အခုခေတ်မှာ ရုပ်ရှင်ကားကြီးတကား ထုတ်ရိုက်ပြီးတော့ မင်းသားတင်ဖို့ ဆိုတာလည်း မဖြစ်ဘူးတော့ မဟုတ်ဘူးပေါ့။ ထုတ်ရိုက်လို့တော့ရတာပေါ့။ ဒါပေမဲ့ ဖြစ်ဖို့ဆိုတာ အချိန်ယူပြီး အများကြီး ရင်းနှီးမြှုပ်နှံရမှာ။ ဒါပေမဲ့ ရှားတော့သွားလိမ့်မယ်။ မင်းသားတွေ ပေါ်ထွက်လာဖို့အတွက် ရှားသွားလိမ့်မယ်လို့ ကျနော်တော့ မြင်တယ်” လို့ နေမျိုးအောင်က ပြောပါတယ်။
ဗီဒီယိုဇာတ်ကားတွေ အရိုက်နည်းသွားချိန်မှာ ဇာတ်လမ်းတွဲတွေ ပေါ်လာပြီး ပရိသတ်တွေ အားပေးလာကြတဲ့အတွက် အနုပညာ မောင်နှမတွေ အနုပညာအလုပ် ဆက်လုပ်ခွင့်ရနေတယ်လို့ နေမျိုးအောင်က ဆိုပါတယ်။
“ဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ အားပေးလာကြတယ်။ ဇာတ်လမ်းတွဲတွေကနေ ထွက်လာတဲ့ မင်းသား၊ မင်းသမီးတွေ နေရာလေး ရလာကြတယ်။ ဘယ်အနုပညာမဆို အားပေးတဲ့အပေါ် အရမ်းဝမ်းသာတယ်။ ကျေနပ်တယ်။ ပရိသတ်တွေ အားပေးမှသာ ကျနော်တို့တွေ ရပ်တည်နေခွင့် ရှိတာ။ ပရိသတ် အားပေးမှု မရှိရင် ဘေးရောက်သွားတဲ့ အနုပညာသမားတွေ အများကြီးပဲ။ ဗီဒီယိုတွေက လုံးဝ ပျောက်သွားချိန် ဇာတ်လမ်းတွဲတွေကို အားပေးလာကြတယ်။ ဒီလိုတွေ ပေါ်လာတာကလည်း အနုပညာ မောင်နှမတွေအတွက် ဆက်လုပ်ခွင့် ရနေတာပေါ့”
“လတ်တလောတော့ ကားရိုက် သိပ်မရှိဘူး။ တတိယမြောက်ဆုံမှတ် MRTV-4 ဇာတ်လမ်းတွဲလေး ရိုက်ထားတယ်။ ဒီရက်ထဲမှာ နယ်ရှိုးတွေ လိုက်ဆိုဖြစ်တယ်။ ၇ လပိုင်းမှာ ဒါရိုက်တာ စတီးလ်နဲ့ ဇာတ်ကားရိုက်ဖို့ ပြင်ဆင်နေတယ်။ Skynet Pay Per View မှာ ဇာတ်ကား နှစ်ပုဒ် တင်ထားတယ်။ ကျလာရင်တော့ နယ်တွေ ထွက်ရိုက်ရမှာပေါ့။ ဇာတ်ညွှန်းက ကျနော် ဝယ်ထားတာ။ ကျနော့် သားကြီးကို ရိုက်ပေးဖို့ ဆိုပြီး ၅ နှစ်လောက်ရှိပြီ။ ဝယ်တုန်းကတော့ ကျနော်ရိုက်ဖို့ဆိုပြီး ဝယ်ထားတယ်။ ဗီဒီယိုဈေးကွက် ပျက်သွားတော့ ကျနော့် အသက်ကလည်း ကြီးကြီးလာတော့ သားအတွက် ရိုက်မယ် ဆိုပြီးလုပ်လိုက်တာ”လို့ နေမျိုးအောင်က ပြောပါတယ်။
နေမျိုးအောင်ဟာ နယ်ပရိသတ်အားပေးမှုနဲ့ အောင်မြင်ခဲ့တဲ့ ဗီဒီယို မင်းသားတလက် ဖြစ်ပြီး၊ အခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေမှာလည်း ပါဝင် ရိုက်ကူးနေပါတယ်။ နေမျိုးအောင်ဟာ အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေး အလုပ်လည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။
You may also like these stories:
“ခိုးကူးကြောင့် ဗီဒီယိုလောက ဘုံးဘုံးလဲကျပြီးပြီ”
“ဗီဒီယိုကားတွေနည်းလာတော့ ဗီဒီယိုခေတ်ကို လွမ်းတယ်” ဆိုတဲ့ ဇော်ဝင်းနိုင်(မန်း)