မြန်မာသံစဉ်တွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော် မေသက်ထားဆွေဟာ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ မြန်မာစာနဲ့ ဇီဝဗေဒ ဂုဏ်ထူးထွက်ခဲ့ပြီး အခုလို ဂုဏ်ထူးရရှိတဲ့အပေါ် အရမ်း ဝမ်းသာတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သမီးက အနုပညာလည်း လုပ်ရတယ်။ စာဘက်မှာ မလစ်ဟင်းပဲနဲ့ ၁၀ တန်း အောင်တဲ့အတွက် အရမ်းဝမ်းသာတယ်။ နှစ်ဘာသာ ဂုဏ်ထူးထွက်တဲ့အတွက် ပိုပြီး ဝမ်းသာပါတယ်။ မြန်မာသံစဉ်တွေဆိုတဲ့ သမီးက မြန်မာစာမှာ ဂုဏ်ထူးပါလို့ ပိုပြီးတော့ ဝမ်းသာတယ်။ မြန်မာစာက ခက်တာကြောင့် အခုလို မြန်မာစာဂုဏ်ထူး ထွက်တာကြောင့်လည်း အရမ်းကို ဂုဏ်ယူတယ်။ ဆရာ၊ ဆရာမတွေကလည်း ဂုဏ်ယူကြပါတယ်”
“အမှတ်စာရင်း ထုတ်ပြီးသွားရင် သမီးစိတ်ဝင်စားပြီး၊ အမှတ်လည်း မှီမယ့် ကျောင်းကို ရွေးချယ်သွားပါမယ်။ သမီးကို အိမ်ကတော့ အမှတ်ပေါ်မှာလည်း ကြည့်ပြီး UFL လည်း တက်စေချင်တယ်”လို့ မေသက်ထားဆွေက ပြောပါတယ်။
သရုပ်ဆောင်ပိုင်းကို ဝါသနာ မပါတဲ့ မေသက်ထားဆွေက ဂီတလမ်းကြောင်းကို လျှောက်ရင်း ကျောင်းဆက်တက်မယ်လို့ ဆိုပါတယ်။
“ရှေ့ဆက်ပြီးတော့လည်း အရင်တုန်းကအတိုင်းပဲ နှစ်ခုကို တွဲလုပ်ခဲ့တာဆိုတော့ အနုပညာအလုပ်တွေ ကိုရော ကျောင်းပညာရေးပိုင်းကိုပါ နှစ်ခုစလုံးကို မျှမျှတတဖြစ်အောင် လုပ်သွားမယ်။ အခုတော့ ၁၀ တန်း ဆိုတဲ့ တံတိုင်းကို ကျော်သွားပြီဆိုတော့ အနုပညာကိုလည်း ဝမ်းစာဖြည့်ရင်း ပိုလုပ်ခွင့်ရတာပေါ့။ ဂီတလမ်း ကြောင်းကို လျှောက်မယ်။ တစ်ဖက်မှာလည်း ကျောင်းဆက်တက်မယ်လို့ စဉ်းစားထားပါတယ်”
“ဂီတအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လုပ်မယ့်အရာလေးတွေ စဉ်းစားထားတာ ရှိပါတယ်။ သရုပ်ဆောင်တော့ ဝါသနာ မပါဘူး။ အဆိုကိုပဲ လုပ်ဖြစ်ဖို့ များပါတယ်။ သမီးကို ဆုတောင်းပေးကြတဲ့၊ စောင့်ပြီးတော့ ဂုဏ်ပြုပေးကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်”လို့ မေသက်ထားဆွေက ပြောပါတယ်။
မေသက်ထားဆွေဟာ မြန်မာသံစဉ်သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင် တဦးပါ။ ဘုရားပွဲ၊ မင်္ဂလာဆောင်တွေနဲ့ ဖျော်ဖြေပွဲတွေ တော်တော်များများမှာ ပါဝင်သီဆိုပေးနေရသူလည်း ဖြစ်ပါတယ်။
You may also like these stories:
“ပြန်ဆိုတေးကို နားမလည်ဘဲ ဝေဖန်တာ လုံးဝ ဂရုမစိုက်ဘူး”လို့ ပြောတဲ့ အိမ့်ချစ်
“သားကို သူ့အရွယ်နဲ့ ထိုက်တန်အောင် ဆုံးမတယ်”လို့ ထွန်းအိန္ဒြာဗို ပြော
သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်