ဗြိတိသျှ ရော့ခ်တီးဝိုင်း Radiohead ဟာ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ OK Computer အယ်လ်ဘမ်ထဲမှ ပရိသတ်တွေ မကြားဖူးသေးတဲ့ သီချင်းအသံဖိုင်ကို အမည်မဖော်လိုတဲ့ ဟက်ကာတွေက ပြန်ပေးငွေတောင်းဖို့ ခိုးယူခဲ့တာကြောင့် အဲ့ဒီသီချင်းဖိုင်ကို အချိန်မနှောင်းခင်မှာပဲ ဖြန့်ချိခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆိုက်ဘာ တိုက်ခိုက်ရေးသမားတွေဟာ Radiohead အဖွဲ့ရဲ့ ဦးဆောင်အဆိုတော် Thom Yorke ပိုင်ဆိုင်တဲ့ အသံသွင်းအခွေကို ခိုးယူခဲ့ပြီး ဒေါ်လာ ၁ သိန်းခွဲ မပေးဘူးဆိုရင် အဲဒီအခွေကို ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့အကြောင်း Radiohead အဖွဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အခု ခိုးယူခံခဲ့ရတဲ့ သီချင်းတွေဟာ OK Computer အယ်လ်ဘမ်အတွက် ပြင်ဆင်နေချိန်တုန်းက အသံသွင်းထားခဲ့တာ ဖြစ်တယ်လို့ တီးဝိုင်းက ဆိုပါတယ်။ အဖွဲ့ရဲ့ ပို့စ်မှာ “ညည်းတွားနေမယ့်အစား မသိကျိုးကျွန်ဘဲ နေလိုက်မယ်။ ကျနော်တို့ဟာ Extinction Rebellion ရဲ့ အကူအညီနဲ့ Bandcamp မှာ ၁၈ နာရီကြာမြင့်ခဲ့တဲ့ သီချင်းတွေကို ဖြန့်ချိလိုက်ပါပြီ”လို့ ဖော်ပြခဲ့ပါတယ်။
Extinction Rebellion ကတော့ ယူကေအခြေစိုက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ တီးဝိုင်းဟာ ခိုးယူခံခဲ့ရတဲ့ မီနီတေး ဓာတ်ပြား ၁၈ ခု ပါဝင်တဲ့ အယ်လ်ဘမ်တွေကို စတာလင် ၁၈ ပေါင်နဲ့ ရောင်းချနေတာ ဖြစ်ပြီးတော့ ရရှိငွေကြေးတွေကို Extinction Rebellion အဖွဲ့ထံ လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သီချင်းတွေ ခိုးယူခံခဲ့ရတဲ့ကိစ္စကိုတော့ ခေါင်းဆောင် Thom Yorke က သူတို့အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ OK Computer အယ်လ်ဘမ်ဟာ ၁၉၉၈ ခုနှစ်ဂရမ်မီဆုပေးပွဲမှာ “Best Alternative” Music Album ဆုကို ရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ Radiohead အဖွဲ့ဟာ Rock & Roll အောင်မြင်မှု လမ်းမထက်မှာ သတ်မှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာတော့ “Janet Jackson”, “the Cure”, “Def Leppard”, “Stevie Nicks”, “Roxy Music” နဲ့ “the Zombies” တို့လို Rock & Roll အထင်ကရပုဂ္ဂိုလ်တွေနဲ့ တသားတည်းအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတယ်။
Ref: CNN, Asiaone
You may also like these stories:
အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၄)