နိုင်ငံခြားသားတယောက်နဲ့ ချစ်သူတွေ ဖြစ်နေကြတဲ့ သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ တွေ့ဆုံတာ ၆ လသာ ရှိသေးတာကြောင့် တယောက်အကြောင်း တယောက်သိအောင် လေ့လာနေဆဲလို့ ပြောပါတယ်။
“ချစ်သူက စိတ်ကူးထဲက အိမ်ထောင်ဖက်နဲ့ ကိုက်ညီမှုရှိလားဆိုတော့ ဒီလိုပါပဲ။ အခုသူနဲ့ တွေ့တာ ၆ လလောက်ပဲ ရှိဦးမယ်ဆိုတော့ ၆ လလောက်နဲ့ လူတယောက်ကို ခန့်မှန်းလို့ မရသေးဘူး။ ပြီးတော့ သင်ဇာတို့က Distance Relationship ဆိုတော့ နေ့တိုင်း တွေ့နေရတာလည်း မဟုတ်ဘူးဆိုတော့ အခုချိန်ထိ သူ့အကြောင်းအားလုံးကို လေ့လာလို့ မရသေးဘူး”
“ဒီထက် အချိန်တွေကြာကြာပေးပြီး နေ့ရက်တွေ ကုန်ဆုံးနိုင်မှ သူ့အကြောင်းကိုလည်း ကိုယ်ပိုသိမယ်။ ကိုယ့်အကြောင်းကိုလည်း သူပိုသိမယ်။ အခုကတော့ လေ့လာနေဆဲ အချိန်ကာလပေါ့”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်ကတော့ သူ ရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်နဲ့ ကိုက်ညီမယ်ဆိုရင်တော့ လူဖြူဖြစ်ဖြစ်၊ လူမည်းဖြစ်ဖြစ် ရွေးချယ်သွားမှာဖြစ်ပြီး အိမ်က မိဘတွေကလည်း အဆင်ပြေတဲ့သူဖြစ်ပါက လက်မခံနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
“အရှေ့မှာထားခဲ့တဲ့ ချစ်သူ ရှိတယ်လေ။ ဗုဒ္ဓဘာသာ၊ ဗမာလူမျိုး။ ဒါပေမဲ့လည်း တကယ်တမ်း ရေရှည် တွဲကြည့်တဲ့အခါ ကိုယ်နဲ့ အဆင်မပြေတာတွေ သေးသေးဖွဲဖွဲလေးတွေကစပြီး ကြီးကြီးမားမားတွေ ဖြစ်လာတာပေါ့။ ဖြစ်လာတဲ့အခါကျတော့ တကယ်တမ်း စဉ်းစားကြည့်လိုက်တော့ ဗမာလူမျိုး ဖြစ်နေမှရယ် မဟုတ်ဘူး။ နိုင်ငံခြားသားဖြစ်နေလည်း အဆင်ပြေရင်တော့ အိမ်ကလူတွေက လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး”
“သင်ဇာ ယူဖို့အချိန်ကာလ ကျလာပြီဆိုရင် မိဘတွေက ဘယ်သူပဲဖြစ်ဖြစ် သင်ဇာ့အပေါ် တကယ်ကောင်းတယ်၊ တကယ်ချစ်ပြီး သစ္စာရှိနိုင်တဲ့သူဆိုရင် သူတို့ကလည်း လက်ခံမှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်ကတော့ နိုင်ငံခြားသား ချစ်သူနဲ့ ပတ်သက်ပြီး မကြာသေးခင် အချိန်က ပရိသတ်များကို တရားဝင် အသိပေးခဲ့ပြီး အဲဒီလို အသိပေးပြီးတဲ့နောက်မှာတော့ ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့တဲ့အပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“တခါတလေကျရင်တော့ လူပဲ။ စိတ်တော့ ညစ်တတ်တာပေါ့။ စိတ်တော့ ပျက်တတ်တာပေါ့။ စိတ်မကောင်းလည်း ဖြစ်တတ်တာပေါ့။ ဒါပေမဲ့လည်း ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ သူတို့ရဲ့ပြောဆိုမှုဟာ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်သွားတာ မဟုတ်သလို သင်ဇာ့ရဲ့ လတ်တလော အောင်မြင်မှုကို ထိခိုက်သွားတာလည်း မရှိပါဘူး။ သူတို့ဝိုင်းပြောတဲ့အခါမှာ လူအများက ဘာလို့ ဝိုင်းပြောနေကြတာလဲဆိုတဲ့ Attention ပို ရလာတယ်။ သူတို့ရဲ့ဘယ်လို ဝေဖန်မှုပဲဖြစ်ဖြစ် တစေ့တစောင်းကြည့်နေလို့ ဝေဖန်နိုင်တာဆိုတော့ စောင့်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်က အခုနောက်ပိုင်း သရုပ်ဆောင်တယောက် အနေနဲ့တင်မက Sexy မော်ဒယ်တယောက် အနေနဲ့ပါ ဓာတ်ပုံ ရိုက်ကူးမှုများလုပ်သလို ပွဲအခမ်းအနားများ တက်ရောက်လျက်ရှိပြီး သူလုပ်ခဲ့တဲ့ အလုပ်အပေါ် ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
“အလုပ်တခု လုပ်လိုက်ရင် ကိုယ်ဒီလိုမျိုး လုပ်လိုက်လို့ သူတို့ဘက်က ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကို သိထားပြီးသားပါ။ အဲ့တုန့်ပြန်မှု ဒဏ်တွေကို ခံနိုင်လို့ ဒီလိုမျိုးလမ်းကို ရွေးပြီး လုပ်ခဲ့တာပေါ့။ အဲ့လိုလုပ်ခဲ့လို့လည်း အခုချိန်ထိ ပွဲတက်တွေ လာငှါးကြတယ်။ ပွဲတွေ အခုထိ တက်နေရတယ်။ ကိုယ့်အတွက် စီးပွားရေးအနေနဲ့ လမ်းကြောင်းတခုလို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မို့လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချမိလို့ နောင်တလည်း မရပါဘူး။ အားလုံးရဲ့ ကောင်းတဲ့ ဝေဖန်မှုပဲဖြစ်ဖြစ်၊ ဆိုးတဲ့ဝေဖန်မှုပဲဖြစ်ဖြစ် သင်ဇာ လက်ခံနိုင်တယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
You may also like these stories:
သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ရိုက်ကူးနေတဲ့ ပိုင်တံခွန်
ရေခဲတောင်မှာ သင်ဇာဝင့်ကျော်နဲ့အတူ ဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဒေါင်လွဏ်း
“ပိုက်ဆံ”ဇာတ်ကား ရုံမတင်ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်တယ်လို့ သင်ဇာဝင့်ကျော် ပြော
“ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရတဲ့သူ ဖြစ်ချင်တယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်