မိန်းကလေး ပရိသတ်တွေရဲ့ သဲသဲလှုပ် အားပေးခြင်းကို ရရှိထားတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ နယ်က ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့အခါ ပရိသတ်များက သူ့ကို နမ်းကြတာတွေရှိပြီး ချစ်လို့နမ်းတာ ဖြစ်တဲ့ အတွက် ချစ်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီလို့ ပြောပါတယ်။
“ကျနော် အခုနောက်ပိုင်း နယ်ပွဲတွေ လက်ခံတာများတယ်။ ရန်ကုန်က ပရိသတ်တွေနဲ့ကျတော့ အမြဲတမ်း ထိတွေ့နေတာ။ နယ်က ပရိသတ်တွေကျတော့ ကျနော်က တခါတလေမှ သွားတဲ့အခါ တကယ်ချစ်တဲ့ ပရိသတ်တွေဆိုရင် သူတို့ရဲ့ အစ်ကိုလို၊ မောင်လို ချစ်ပြီး ပါးတွေ နမ်းကြတယ်။ ဒါတွေကို တားလို့ မရဘူး။ ကိုယ့်ကို ချစ်နေတာနဲ့တင် စိတ်ချမ်းသာနေပါပြီ”
“ဒီအတိုင်း နမ်းတဲ့သူလည်း ရှိတယ်။ ခွင့်တောင်းပြီးမှ နမ်းတဲ့သူလည်း ရှိတယ်။ ကျနော်မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ နိုင်ငံတကာက အနုပညာရှင် ဘယ်သူမဆို ပရိသတ်နဲ့ ရင်းရင်းနှီးနှီး ရှိတာပါ။ လောကမှာ ချစ်တဲ့သူတွေ ရှိတာ ကောင်းတယ်။ ကိုယ့်ကို ချစ်လို့ နမ်းတာ။ မုန်းလို့ နမ်းတာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ချစ်နေတာပဲ ကျေနပ်နေပြီ”လို့ ပိုင်တံခွန်က ပြောပါတယ်။
နောက်ပိုင်းမှာတော့ ပိုင်တံခွန်က ပရိသတ်တွေနဲ့ ပွဲတွေမှာ တွေ့ဆုံပြီး နမ်းတဲ့ပုံများကို တင်တဲ့အခါ လူ တချို့က ဝေဖန်မှုတွေ ပြုကြတဲ့အတွက် ပရိသတ်တွေအပေါ် မထိခိုက်စေချင်လို့ ဓာတ်ပုံ မတင်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။
“အရင်တုန်းကဆို ကျနော့်ကို ချစ်လို့ နမ်းတဲ့ပုံတွေ ဓာတ်ပုံဆရာတွေက ပို့ပေးတယ်။ ဟိုတခေါက်က ကျနော် တင်လိုက်တယ်။ အဲ့ပုံထဲက ကောင်မလေး အပြောခံရတာတွေ ဘာတွေ ရှိတော့ စိုးရိမ်တယ်။ နောက်ပိုင်း ဓာတ်ပုံဆရာတွေကို မတင်နဲ့လို့ ပြောထားလိုက်တယ်” လို့ ပိုင်တံခွန်ကပြောပါတယ်။
ပိုင်တံခွန်ကတော့ ရန်ကုန်က ပရိသတ်များနဲ့ ပွဲတော်တော်များများမှာ ဆုံဖြစ်တာကြောင့် နောက်ပိုင်းမှာတော့ နယ်ပွဲများကို ပိုလက်ခံဖြစ်ပြီး နယ်က ပရိသတ်များအတွက် အချိန်ပေးဖြစ်တယ်လို့ သိရပါတယ်။
အနုပညာလှုပ်ရှားမှုများကိုလည်း ပိုမို ပြုလုပ်လာခဲ့တဲ့ ပိုင်တံခွန်ဟာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထားပြီး မကြာခင်မှာလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ ချမ်းမင်းရဲထွဋ်တို့နဲ့ အတူ “သူဘယ်သူလဲ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထားပါတယ်။
“’သူဘယ်သူလဲ’ ဇာတ်ကားက ပရိသတ်တွေအတွက် မတူတဲ့ ရသတွေ ပေးမယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားက ဆိုက်ကို ကားလေးပေါ့။ အမှန်အတိုင်းပြောရရင် ဘယ်ကားမှာပဲဖြစ်ဖြစ် ခေါင်းဆောင်အနေနဲ့ ရိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်အတွက် ဇာတ်လမ်း၊ ဇာတ်ကွက်လည်း ကောင်းတယ်။ အဆင်ပြေတယ်ဆိုရင်တော့ ကျနော်က ခေါင်းဆောင်ရယ်လည်း မဟုတ်ဘူး။ ရိုက်ဖြစ်တယ်။ နည်းနည်းတော့ ရှားတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
You may also like these stories:
ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန်
“Pokemon ဂိမ်း ကစားခဲ့လို့ Ex နဲ့တောင် ရန်ဖြစ်ခဲ့ဖူးတယ်”လို့ ပိုင်တံခွန် ပြော
သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ရိုက်ကူးနေတဲ့ ပိုင်တံခွန်
ပရိသတ် ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ဖူးတဲ့ မော်ဒယ် ပိုင်တံခွန်