Entertainment

ထိုင်းကချေသည် ပုံစံမျိုး ရိုက်ချင်တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်

Want create site? Find Free WordPress Themes and plugins.

အနုပညာအလုပ်များကို အချိန်တခုကြာ အနားယူပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးဖြင့် ရုပ်ရှင်ဇာတ်ကားများ ပြန်လည် ရိုက်ကူးလာတဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ ထိုင်းကချေသည် ပုံစံမျိုး ရိုက်ကူးချင်တယ်လို့ ပြောပါတယ်။

“ကာရိုက်တာအနေနဲ့ဆိုရင် မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးတွေ လုပ်ချင်တယ်။ ဥပမာ နည်းနည်းခက်တဲ့ ဇာတ်လမ်းမျိုးတွေ လုပ်ချင်တယ်။ ခက်တယ်ဆိုတာ ယိုးဒယား ကချေသည်လို ပုံစံမျိုး။ ကိုယ်ဆိုရင် မကတတ်ဘူးလေ။ အနောက်တိုင်းအကတို့ ဗမာအကတို့တော့ ကတတ်တယ်။ ဒီလိုမျိုး ရိုးရာအကကို မကတတ်ဘူး။ ဒီလိုမျိုး လေ့လာသင်ယူပြီးတော့ ကာရိုက်တာတခုအနေနဲ့ သရုပ်ဆောင် ကြည့်ချင်တယ်။ ဇာတ်လမ်း ဆန်းဆန်းလေးတွေပေါ့” လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ဇင်ဇင်ဇော်မြင့်တို့ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးကနေ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်လမ်းကိုတော့ သရဲကား၊ ဟာသကားလို ဇာတ်လမ်းဆန်းဆန်းတွေ ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“ဇာတ်ကတော့ မေလေး စဉ်းစားထားတာ သရဲကားတို့၊ ဟာသကားတို့ ဇာတ်လမ်းဆန်းဆန်းလေးတွေ ရိုက်မှာပါ။ ယိုးဒယားနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေ ရိုက်ဖို့ စိတ်ကူး ရှိပါတယ်”လို့ ဇင်ဇင်ဇော်မြင့်က ဆိုပါတယ်။

ပထမဆုံး ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ “ရာဇဝင် ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှုတခု ရရှိခဲ့ပြီး ဇင်ဇင်ဇော်မြင့် ကိုယ်တိုင်လည်း ထုတ်လုပ်သူတယောက် ဖြစ်ပေမယ့် အနုပညာကို ဝါသနာပါတာကြောင့် ဇာတ်ကားများမှာ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင်လည်း သရုပ်ဆောင်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အနုပညာရှင် တယောက်ဆိုတော့ အနုပညာကို ရူးသွပ်တယ်လေ။ ကျန်တဲ့ ရတနာလုပ်ငန်းကတော့ ဒုတိယ ဝါသနာအနေနဲ့ လုပ်တာပေါ့”လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ဇင်ဇင်ဇော်မြင့်ကတော့ အမျိုးသားဖြစ်သူနဲ့ အတူ “CKKP” ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် “ZZ Gems & Jewellery” ကိုလည်း ဖွင့်လှစ်ထားပြီး အဆိုပါ ရတနာလုပ်ငန်းကတော့ အနုပညာလုပ်ငန်းအပြင် သူ့ရဲ့ နောက်ထပ် ဝါသနာတခုဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဇင်ဇင်ဇော်မြင့်ရဲ့ ယောက္ခမဖြစ်သူ ကွယ်လွန်သွားတာကြောင့် ရုပ်ရှင် ရိုက်ကူးမယ့်ကိစ္စများကို ခဏရပ်နားထားပြီး တလပြည့်သွားတဲ့ အချိန်ရောက်မှသာ ပြန်လည် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

“မေလေးက အဖေ၊ အမေလည်း မရှိတော့တဲ့အခါကျတော့ ယောက္ခမက ကိုယ့်အမေလိုပါပဲ။ ပြီးတော့ ကိုယ့်အပေါ်လည်း တအားကို ချစ်တယ်။ ကောင်းလည်းကောင်းတော့ အမေတယောက်လိုပဲ ခံစားရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးရော၊ ရတနာပိုင်းရော ၁ လပြည့်ပြီးနောက်ပိုင်းမှာ သေချာဇောက်ချပြီး လုပ်မှာပါ။ မေလေးအခု ဒီဇိုင်းအသစ်လေးတွေ ထပ်ပြီး ထုတ်ဖို့လည်း ရှိပါတယ်။ ပထမ ဒီဇိုင်းတုန်းက အရမ်းပေါက်သွားတယ်လေ။ ဒုတိယအသစ် ဒီဇိုင်းထပ်ထုတ်ဖို့လည် းရှိပါတယ်”လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ဇင်ဇင်ဇော်မြင့်ကတော့ အခုအချိန်မှာတော့ သား၂ယောက်ရဲ့မိခင်တယောက်ဖြစ်နေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ရင်း အနုပညာအလုပ်များကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading