Miss Universe Myanmar 2015 အလှမယ်တယောက် ဖြစ်ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်အနေနဲ့ ရပ်တည်လာတဲ့ မေဘရဏီသော်ကတော့ နာမည်ကြီးဖို့အတွက် လူတိုင်းလုပ်တဲ့ အလုပ်မလုပ်ဖြစ်ဘဲ ဖြည်းဖြည်းမှန်မှန် ကြိုးစားတယ်လို့ ပြောပါတယ်။
“မေသော့် အနေနဲ့ကျတော့ လူတိုင်းလုပ်တဲ့ အလုပ်ကို မလုပ်ဖြစ်ဘူး။ နောက်ပြီး ချက်ချင်း နာမည်ကြီးသွားတာထက်စာရင် ဖြည်းဖြည်းမှန်မှန် တက်လှမ်းတာကို ကြိုက်တယ်။ လှေကားထစ် တထစ်ချင်းဆီကို ခြေခိုင်ခိုင်နဲ့ တက်လှမ်းမှ ပြုတ်ကျတဲ့အချိန်မှာ ပိုပြီးသက်သာမယ်လို့ ထင်တယ်”လို့ မေဘရဏီသော်က ပြောပါတယ်။
အနုပညာခြေလှမ်းများ စိပ်သော်လည်း ပါဝင်ရတဲ့ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများမှာ ဝါရင့်သရုပ်ဆောင်များနဲ့ တွဲဖက် သရုပ်ဆောင်ခွင့်ရပြီး ကိုယ်တိုင်လည်း အရေအတွက်ထက် အရည်အသွေးကို အရေးပေးတယ်လို့ ဆိုပါတယ်။
“မေသော့် အနေနဲ့ကတော့ အရေအတွက်ထက် အရည်အသွေးကို ပိုအရေးပေးတယ်။ ပြီးတော့လည်း မေသော့်အနေနဲ့ ကံကောင်းတယ်လို့ ပြောရမယ်။ ကိုယ့်ကို လာကမ်းလှမ်းတဲ့ ကားတိုင်းကလည်း တကယ့်ကို ဝါရင့် သရုပ်ဆောင်တွေနဲ့ တွဲပြီး သရုပ်ဆောင်ရတဲ့အတွက် သူတို့ဆီက ပညာတွေလည်း ရတယ်။ အဓိကကတော့ ကံကြောင့်ပါ” လို့ မေဘရဏီသော်က ပြောပါတယ်။
လာရောက် ကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားများကိုလည်း ငြင်းတာမျိုး မရှိဘဲ ကမ်းလှမ်းတဲ့ ဇာတ်လမ်းများက ဇာတ်လမ်းကောင်းများ ဖြစ်နေတယ်လို့ ပြောပါတယ်။
“ဇာတ်လမ်းကိုတော့ မေသော်က ငြင်းတာ မရှိဘူး။ ဒါပေမဲ့ မေသော့်ဆီကို ရောက်တဲ့ ဇာတ်လမ်းတိုင်းကိုက ဇာတ်လမ်းကောင်းတွေ ဖြစ်နေတာပေါ့။ ဒါကတော့ ကံကောင်းတဲ့ အချက်လေးပေါ့။ မေသော်က ကိုယ့်ဆီ ရောက်လာတဲ့ ဇာတ်လမ်းတွေကို တွေးတောတယ်။ ကိုယ်သာ ဒီလူတယောက် နေရာမှာဆိုရင် ဘယ်လို သရုပ်ဆောင်မလဲ။ ကိုယ်သရုပ်ဆောင်မယ့် ကာရိုက်တာကို နားလည်အောင် အမြဲ လေ့လာတယ်” လို့ မေဘရဏီသော်က ပြောပါတယ်။
မကြာသေးခင် အချိန်ကလည်း ဇာတ်လမ်းတွဲတခုနဲ့ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူး ပြီးစီးခဲ့ပြီး အနုပညာအလုပ်များ မရှိတဲ့ အချိန်ဆိုရင် မိဘရဲ့ စီးပွားရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်ဖြစ်တယ်လို့ ဆိုပါတယ်။
“အနုပညာအလုပ် မရှိရင် မေသော့်ရဲ့ မိဘ စီးပွားရေးအလုပ် ရှိတယ်။ အဲ့အလုပ်တွေကို ဝိုင်းကူ ဖြစ်တယ်။ အနုပညာ ဆိုတာကတော့ မေသော့်ရဲ့ စိတ်ဝင်စားမှု တခုပေါ့။ ရေရှည်မှာ မိဘရဲ့ စီးပွားရေးဆိုတာက အရေးကြီးတယ်လေ။ သူတို့ရဲ့အလုပ်ကို ဆက်ခံနိုင်ဖို့အတွက် အလုပ်တွေကို ပညာယူရတာလည်း အရေးကြီးတယ်လို့ ထင်ပါတယ်”လို့ မေဘရဏီသော်က ပြောပါတယ်။
မေဘရဏီသော်ကတော့ Miss Universe Myanmar 2015 ဆုကို ရရှိထားပြီး သရုပ်ဆောင်အလုပ်များကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။