“Men In Black: International” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာတော့ မြောက်အမေရိက ရုံဝင်ငွေစာရင်းကို ဦးဆောင်ခဲ့ပေမယ့် အဲဒီရုပ်ရှင်ဟာ အံ့သြလောက်ဖွယ် မှတ်ချက်တွေ ရရှိခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ Sony ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ ဒီရုပ်ရှင်ဟာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၂၈ ဒဿမ ၅ သန်း ဝင်ငွေ ရရှိခဲ့တာကို တွေ့ရပါတယ်။
အရင်တုန်းက ထွက်ရှိခဲ့တဲ့ “Men In Black” ရုပ်ရှင် ၃ ကားကနေ ခွဲထွက်ရုပ်ရှင်ဖြစ်လာတဲ့ “MIB : International” မှာတော့ ဂြိုဟ်သားတွေကို တိုက်ခိုက်မယ့် အနောက်တိုင်းဝတ်စုံဝတ် အေဂျင့်နှစ်ယောက်ဖြစ်တဲ့ Will Smith နဲ့ Tommy Lee Jones တို့နေရာမှာ သူတို့ထက် ပိုမိုငယ်တဲ့ Chris Hemsworth နဲ့ Tessa Thompson တို့ ပါဝင်လာကြပါတယ်။
ပြီးတော့ မင်းသားကြီး Liam Neeson နဲ့ မင်းသမီး Emma Thompson တို့လည်း ပါဝင်ကြပါတယ်။ ဝေဖန်သူတွေကတော့ အဓိကဇာတ်ဆောင် မင်းသားနဲ့ မင်းသမီးရဲ့ တွဲဖက်မှုက ကောင်းမွန်ပေမယ့် Rotten Tomatoes လို ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာတော့ ၂၄ ရာခိုင်နှုန်းပဲ အကောင်းမြင်မှတ်ချက် ရရှိခဲ့တာကို တွေ့ရပါတယ်။
စတူဒီယိုကနေ ငွေကြေးပမာဏ အနည်းဆုံး ခန့်မှန်းထားတာတောင် ၃ ရက်ရှိခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ တော်တော်လေး ဝင်ငွေ မကောင်းခဲ့တဲ့အကြောင်း BoxOfficeMojo ဝက်ဘ်ဆိုက် ဖော်ပြခဲ့ပါတယ်။ နိုင်ငံပေါင်း ၅ ခုမှာ သွားရောက် ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ရုံဝင်ငွေ ဒေါ်လာ ၇၃ သန်း ရရှိခဲ့ပြီး အခြေအနေကောင်းနေတာကို တွေ့ရပြန်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ Universal စတူဒီယိုရဲ့ “The Secret Life Of Pets 2” ရုပ်ရှင်ကတော့ ဒေါ်လာ ၂၃ ဒဿမ ၈ သန်း ထပ်ဝင်ခဲ့ပါတယ်။ အဲဒီ နောက်ဆက်တွဲ ကာတွန်းရုပ်ရှင်မှာတော့ သခင်တွေ မရှိစဉ် လှုပ်ရှား ရုန်းကန်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအဖြစ် Kevin Hart, Tiffany Haddish နဲ့ Patton Oswalt တို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
တတိယမြောက်နေရာမှာ ရှိနေတာကတော့ Disney ရဲ့ ကာတွန်းကနေ လူသားသရုပ်ဆောင်တွေနဲ့ ဖန်တီးထားတဲ့ “Aladdin” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၁၆ ဒဿမ ၇ သန်း ရရှိခဲ့ပါတယ်။ မင်းသား Will Smith က မီးခွက်စောင့်ဘီလူးအဖြစ် အဲဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်ထားပါတယ်။
“X-Men: Dark Phoenix” ရုပ်ရှင်ကတော့ ဒေါ်လာ ၉ သန်းထပ်ဝင်ခဲ့ပါတယ်။ X-men ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံး ဇာတ်လမ်းမှာကတော့ မင်းသား James McAvoy၊ မင်းသမီး Sophie Turner၊ မင်းသမီး Jennifer Lawrence၊ မင်းသား Michael Fassbender နဲ့ မင်းသမီး Jessica Chastain တို့ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ပဉ္စမနေရာမှာ ရှိနေတာက Paramount ရဲ့ “Rocketman” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၈ ဒဿမ ၈ သန်းရရှိခဲ့ပါတယ်။ အဆိုတော် Elton John ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပုံဖော်ထားတဲ့ အဲဒီရုပ်ရှင်မှာတော့ မင်းသား Egerton ပါဝင်ထားပါတယ်။
Ref: etcanada
You may also like these stories:
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Secret Life Of Pets 2” ရုပ်ရှင် ထိပ်ဆုံးသို့ ရောက်ရှိ
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ တာထွက်ကောင်းခဲ့တဲ့ “Aladdin” ရုပ်ရှင်
ပျောက်ဆုံးနေသော သမိုင်းတခု (သို့မဟုတ်) Chernobyl (2019)