သရုပ်ဆောင် ပြေတီဦးနဲ့ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်တို့ လုပ်ကိုင်နေတဲ့ “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဦးနုရဲ့ ဝတ္ထု “ငရဲဆို ချိုနဲ့လားဗျို့” ကို နိုဝင်ဘာလမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ရိုက်ကူးရေးအတွက် ခေတ်တခေတ်ကို ရိုက်ပြရမှာဖြစ်တာကြောင့် ကုန်ကျစရိတ်တွေ၊ အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြေတီဦးက ပြောပါတယ်။
“ငရဲဆို ချိုနဲ့လားဗျို့ ရုပ်ရှင်အတွက် အူဝဲဆီကနေလည်း အကြံဉာဏ်တွေ ယူပါတယ်။ ဇာတ်ကောင်တွေက ဘယ်သူနဲ့ လိုက်သလဲ ဘယ်သူ့ကို ရွေးမလဲပေါ့။ ကားတကားကို စနစ်တကျ လုပ်တဲ့အခါ ထုတ်လုပ်သူ တယောက်အနေနဲ့ အစိတ်အပိုင်းတွေ အရမ်းများတယ်။ ကျနော်တို့ အရင်တုန်းက သိပ်အရေးမကြီးတာတွေက အခုချိန်မှာ အရေးကြီးဆုံး ပြန်ဖြစ်လာတယ်။ အစိတ်အပိုင်းတွေ တအားများတယ်။ အဲ့ဒါတွေကို စနစ်တကျ ရွေးချယ် ချိတ်ဆက်ရတယ်။ ကျနော်တို့ လိုချင်တဲ့သူတွေကို ရအောင် ငှားရတယ်။ ပြင်ဆင်ရတာတွေ စဉ်းစားရတာတွေ တော်တော်လုပ်ရတယ်”
“ပြင်ဆင်နေတာ ၂ လနီးပါး ရှိလာပြီ။ အစောဆုံး ရိုက်နိုင်ရင် နိုဝင်ဘာပဲ။ နိုဝင်ဘာမှာ ရိုက်ဖို့အတွက် အခုကတည်းက အလုပ်လုပ်နေပြီ။ ခေတ်တခေတ်ကို သွားရမှာမို့ ကုန်ကျစရိတ်တွေရော၊ ခက်ခဲတာတွေရော အများကြီးပဲ။ ပရိုဂျူဆာကလည်း ပရိုဂျူဆာအလျောက်၊ သရုပ်ဆောင်ကလည်း သရုပ်ဆောင်အလျောက်ဇာတ်ကားကို စေတနာမှန်မှန်နဲ့ အကောင်းဆုံးဖြစ်အောင်သာရိုက် သေချာပေါက် အောင်မြင်မှာပါ။ မြန်မာ့ရုပ်ရှင်က တဖြည်းဖြည်းနဲ့ ကောင်းသောဘက်ကို ပြောင်းလဲလာမှာပါ”လို့ ပြေတီဦးက ပြောပါတယ်။
ပြေတီဦး တည်ထောင်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းဟာ ဒီနှစ်မှာ ၁၀ နှစ် ပြည့်သွားပြီ ဖြစ်ပြီး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့ ဆရာဝန်ဖြစ်သွားတဲ့သူတွေနဲ့ ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ပြီး တွေ့ဆုံပွဲလုပ်သွားမယ်လို့ သိရပါတယ်။
“ဖောင်ဒေးရှင်ကနေ နှစ်တိုင်း ၁၀ တန်းအောင်စာရင်း ထွက်ပြီးပြီဆိုတာနဲ့ လျှောက်လွှာ ခေါ်ပါတယ်။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေရယ် အဲ့ကျောင်းတွေ တက်ချင်တဲ့ကျောင်းသားတိုင်းက ကျနော်တို့ ဖောင်ဒေးရှင်းမှာ လျှောက်ထားလို့ရပြီ ဆိုတာကို လျှောက်လွှာ ခေါ်ပါတယ်။ ဖောင်ဒေးရှင်းက ၁၀ နှစ် ပြည့်သွားပြီ။ ၁၀ နှစ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တယ်။ ကျောင်းသားတွေ အများကြီးကို ထောက်ပံ့ နိုင်ခဲ့တယ်။ ဒီနှစ်ကုန်ရင် အယောက် ၈၀ ဆရာဝန် ဖြစ်ပြီ”
“ဘာပဲဖြစ်ဖြစ် သူတို့ မိသားစု၊ ပတ်ဝန်းကျင် ပြည်သူလူထုကို ထောက်ပံ့နိုင်တော့မယ်။ အားလုံး မဟုတ်ရင်တောင် အရေအတွက် တခုကတော့ အချိုးတွေ ရှိသွားမယ်။ နောက်ထပ် ကျောင်းတက်နေတဲ့သူတွေလည်း ရှိသေးတယ်။ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဆရာဝန်ဖြစ်တဲ့ ကလေးတွေရော၊ ကျောင်းတက်နေတဲ့ ကလေးတွေရော သူတို့တွေကိုခေါ်ပြီး ပြန်တွေ့ချင်တယ်။ တွေ့ဆုံပွဲ လုပ်ဖြစ်မှာပါ”လို့ ပြေတီဦးက ပြောပါတယ်။
ပြေတီဦးဟာ အကယ်ဒမီ ၄ ဆုရှင် သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းကနေ ရရှိလာတဲ့ ငွေကြေးနဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌအဖြစ်လည်း လုပ်ကိုင်နေပါတယ်။သူ့ရဲ့ ပညာရေး ဖောင်ဒေးရှင်းကနေ နှစ်စဉ် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် တက်မယ့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက် ရှိပါတယ်။
You may also like these stories:
“ကျနော့်ကို ဂီတသမားအဖြစ် သိတာ နည်းတယ်”လို့ ဒါရိုက်တာ အောင်ကိုလတ် ပြော
“အဖေများနေ့” နဲ့ ပတ်သက်ပြီး အမှတ်တရများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ
“အသက် ၃၄ နှစ်ရောက်မှ Tik Tok ဆော့ဖြစ်တယ်”လို့ ပြောတဲ့ အေးမြတ်သူ
အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး