မင်းသား Daniel Craig ဟာ “Bond 25” ရုပ်ရှင်အတွက် ခြေထောက်မှာ ဒဏ်ရာ အနာတရဖြစ်နေချိန်မှာတောင် လေ့ကျင့်နေတယ်လို့ ဖော်ပြထားတဲ့ ဓာတ်ပုံတပုံ ထွက်ပေါ်လာပါတယ်။
မင်းသားဟာ အဲ့ဒီရုပ်ရှင် ရိုက်ကွင်းမှာ ဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက် Gym ကို ပြန်ရောက်လာခဲ့ပါတယ်။ ဂျိမ်းစ်ဘွန်းမင်းသား Craig ဟာ ပြီးခဲ့တဲ့လ ရိုက်ကွင်းမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီးနောက် အသေးစိတ် ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပါတယ်။ ဒါပေမဲ့ နောက်တပတ်ဆိုရင် သူဟာ ရိုက်ကူးရေးတွေ ပြန်စတော့မယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာ တရားဝင် ဂျိမ်းစ်ဘွန်း Twitter အကောင့်ကနေ မင်းသား Craig ဟာ ခြေထောက်ပတ်တီးနဲ့ ကိုယ်ကာယ လေ့ကျင့်နေပုံကို တွေ့ရတဲ့ အဖြူ၊ အမည်း ဓာတ်ပုံတပုံကို ဝေမျှခဲ့ပါတယ်။
ပုံစာမှာတော့ “နောက်တပတ် ရိုက်ကူးရေးအတွက် 007 မင်းသား Daniel Craig တယောက် Gym မှာ ကြိုးစားနေပါပြီ” လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက မင်းသားဟာ သူ့အတွက် ပဉ္စမမြောက်နဲ့ နောက်ဆုံးအကြိမ် ဗြိတိသျှ စပိုင်အဖြစ် သရုပ်ဆောင်မှာဖြစ်တဲ့အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျမေကာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရိုက်ကွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် X-rays ဓာတ်မှန် ရိုက်ဖို့ အမေရိကန်ကို လာရောက်ခဲ့ရပါတယ်။
အဲ့ဒီရုပ်ရှင် ရိုက်ကူးရေး ခရီးလမ်းကတော့ တော်တော်လေးကို ကြမ်းတမ်းနေခဲ့တာပါ။ အခုလ အစောပိုင်းတုန်းက ရိုက်ကွင်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့လို့ ရိုက်ကူးရေးဝန်ထမ်းတဦး ဒဏ်ရာရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော် Pinewood Studios ထဲက ရုပ်ရှင်စတိတ်စင်တခုလည်း ထိခိုက်ခဲ့ရပါတယ်။
၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကို ဒါရိုက်တာ Danny Boyle ကရိုက်ကူးဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖြန့်ချိဖို့လုပ်ခဲ့ပေမယ့် ဖန်တီးမှုဆိုင်ရာ မတူကွဲပြားမှုတွေကြောင့် ဒါရိုက်တာက ရိုက်ကူးရေးကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် ရုံတင်မယ့်ရက်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
အခုတော့ ဒါရိုက်တာ Cary Joji Fukunaga က ဒါရိုက်တာအဖြစ် ရိုက်ကူးနေပြီ ဖြစ်တယ်။ ဒါ့အပြင် ပြသမယ့် ရက်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဧပြီလ ၈ ရက်နေ့အထိ နောက်ဆုတ်ထားပါတယ်။
Ref: hindustantimes
You may also like these stories:
ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ် “Bond 25” ကို ၂၀၁၉ ခုနှစ်မှာ ပြသမည်
မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ “Bond 25” ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ
ဂျိမ်းစ်ဘွန်းနေရာမှာ ဘယ်တော့မှ အမျိုးသမီး ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြောကြား