လူငယ်တွေ ပရိသတ်တွေကြား အောင်မြင်မှုရရှိထားတဲ့ အဆိုတော် ထက်ယံက အနုပညာကို ဘောင်ခတ် မထားဘဲ သရုပ်ဆောင်အဖြစ် ကမ်းလှမ်းလာရင်လည်း သရုပ်ဆောင်ကြည့်ချင်တယ်လို့ ပြောပါတယ်။
“ကျနော် အနုပညာရှင်ဆိုတာ ပရိသတ် ပိုသိလာတယ်ဆိုတာ အဓိကက လူစိတ်ဝင်စားသွားဖို့ပဲ။ ကျနော်တို့ ဘယ်လောက် လုပ်ပြနေပါစေ။ သူတို့ စိတ်မဝင်စားရင် အလကားပဲ။ လူတွေ စိတ်ဝင်စားချိန်မှာ ကိုယ်လုပ်ပြတာတွေ အကုန်လုံးက လူ တန်းသိတဲ့အတွက် ကျနော်တို့က ဂရုစိုက်ပြီး လုပ်ရတယ်။ ပိုပြီးတော့ တာဝန်ကျေအောင် လုပ်ရတဲ့ ဆိုတဲ့ စိတ်နဲ့ လုပ်တဲ့အတွက် ပိုကြိုးစားရတာပေါ့”
“ကျနော် သရုပ်ဆောင်တာ ကိုယုန်လေးနဲ့တုန်းက ရိုက်ဖူးပါတယ်။ အနုပညာက ဘောင်တော့ မခတ်ထားဘူး။ သီချင်းဆိုတာပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်တာပဲဖြစ်ဖြစ် ကျနော်တို့လည်း လုပ်နေရတာဆိုတော့လေ။ ဝါသနာလည်း ပါပါတယ်။ လုပ်လည်း လုပ်ချင်ပါတယ်။ သို့သော် လုပ်နိုင်၊ မလုပ်နိုင်ပေါ်မှာတော့ မူတည်သွားမယ် ထင်တယ်။ သရုပ်ဆောင် လာကမ်းလှမ်းမယ်ဆိုရင် ကျနော် လုပ်နိုင်တဲ့ အတိုင်းအတာဆိုရင် လုပ်လိုက်မှာပါပဲ”လို့ ထက်ယံက ပြောပါတယ်။
ဆက်လက်ပြီး ထက်ယံကတော့ အနုပညာပိုင်းနဲ့ ပတ်သက်ရင် ဂီတကို ပိုဝါသနာပြီး ကာရိုက်တာ အနေနဲ့ သနားစရာကောင်းတဲ့ ကာရိုက်တာကို သရုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။
“ဂီတကိုတော့ ဝါသနာ အပါဆုံးပဲ။ သနားစရာကောင်းတဲ့ ကာရိုက်တာကို သရုပ်ဆောင်ကြည့်ချင်တယ်။ ကျနော့် သီချင်းတွေနဲ့ ပရိသတ်တွေ Tik Tok ဆော့ကြတော့ ပီတိလေးဖြစ်ပြီး သဘောကျတယ်။ ကိုယ့် သီချင်းလေးကို ကြိုက်လို့ လုပ်ကြတာတွေ အရမ်း သဘောကျတယ်”လို့ ထက်ယံက ပြောပါတယ်။
ထက်ယံ မကြာခင်မှာ Application ကနေ သီချင်းသစ်တပုဒ် တင်ပေးဖို့ ရှိသလို သီချင်းဟောင်းတွေကိုလည်း ပရိသတ်တွေ သေချာ ပြန်နားထောင်စေချင်တယ်လို့ ဆိုပါတယ်။
“လတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး လုပ်နေတယ်။ တေးသံသာ Music Application ကနေ ထွက်လိမ့်မယ်။ ကျနော့်သီချင်း ထွက်မှာပါ။ BoBo Entertainment ကနေ အတွဲခွေ တခွေ ထွက်ဖို့ရှိတယ်။ ကျနော့် သီချင်းသစ် တပုဒ် ပါတယ်။ တကိုယ်တော်တော့ မလုပ်သေးပါဘူး။ အခုမှ ပရိသတ်တွေက ကျနော့်နောက်ကို လိုက်လာတုန်း၊ ကျနော့် သီချင်းလေးတွေ အခုမှ နားထောင်နေကြတုန်းဆိုတော့ သီချင်းဟောင်းတွေပဲ နားထောင်နေလိုက်ဦးပေ့ါ။ လောလောဆယ်တော့ တပုဒ်ချင်း သွားဖို့ပဲ စဉ်းစားထားပါတယ်”
“ကျနော် အနုပညာလောကထဲ ဝင်ရောက်လာတဲ့ ၆ နှစ်ကျော်၊ ၇ နှစ်လောက်မှာ တကိုယ်တော် ခွေ ၂ ခွေနဲ့ One Man Show တပွဲ၊ Live Show Concert In My Life ပွဲလည်း လုပ်ခဲ့တယ်။ ပြီးတော့ သားသားနဲ့ ‘ရှေ့ မှီနောက်မှီ’ ရယ်၊ စုစုပေါင်း ၄ ခွေလောက် ထွက်ထားပါတယ်။ ပရိသတ်တွေ သီချင်းဟောင်းတွေကို ပြန်ပြီး သိလာအောင် သေချာလေး ပြန်နားထောင်စေချင်တယ်”လို့ ထက်ယံက ပြောပါတယ်။
အဆိုတော် ထက်ယံဟာ အဆိုတော် ရွှေထူး၊ X-Box ၊ Lil-Z တို့နဲ့ တွဲဖက်ပြီး “4” Album ထွက်ရှိခဲ့ပြီး အတွဲခွေများ၊ တကိုယ်တော်အခွေများလည်း ထွက်ရှိထားပါတယ်။ မကြာသေးခင် အချိန်ကလည်း “Gravity အပြင်ဘက်၊ ခုန်ထွက်”ဆိုတဲ့ သီချင်းစာသားနဲ့အတူ “နွေးသွားတယ်” ဆိုတဲ့ သီချင်းက အွန်လိုင်း အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။
You May Also Like These Stories:
“ဇာတ်ကားတွေ ဆင်ဆာပိတ်ခံရလည်း ရှေ့ဆက်ဦးမှာပဲ”လို့ အဆိုတော် ယုန်လေး ပြော
“အချစ်ကိုရှာတဲ့ မိန်းမထဲမှာ မပါဘူး”လို့ ပြောတဲ့ အဆိုတော် ဆိုဖီယာ