VCD ခေတ်ဦးကာလက နာမည်တခု ရရှိခဲ့ပြီး ရုပ်ရှင်ကားတွေ၊ ကာရာအိုကေ သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ဟက်ကက်က အနုပညာ လောကထဲက ပျောက်နေတာ ဆယ်စုနှစ် တခုကြာ ရှိနေပေမယ့် အနုပညာရပ်ဝန်းရဲ့ အရိပ်အောက်မှာပဲ ရှိနေပြီး အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ဘူးလို့ ပြောပါတယ်။
“အနုပညာအလုပ်တွေ မလုပ်တာ တော်တော် ကြာပါပြီ။ ကျနော် ဘာလုပ်မယ်၊ ညာလုပ်မယ်တော့ မရှိပါဘူး။ ကျနော် ဖြတ်သန်းလာတဲ့ အတိုင်းအတာတခုမှာ သီချင်းတွေ ထွက်ဖို့တော့ လုပ်နေတယ်။ ကျနော် အနုပညာအလုပ်က ပရိသတ်အရှေ့ကိုသာ မရောက်တာပါ။ အနုပညာရပ်ဝန်း အရိပ်အောက်မှာပဲ ရှိနေပါသေးတယ်။ ကျနော် အချိန်မပေးနိုင်တာကြောင့် အဝေး ရောက်သွားတာပါ”လို့ ဟက်ကက်က ပြောပါတယ်။
“ဂီတပိုင်းကိုတော့ လုပ်ဖြစ်မယ်။ တကိုယ်တော် ခွေလည်းလုပ်နေတယ်။ ဘယ်တော့ ထွက်ဖြစ်မယ်ဆိုတာတော့ မပြောချင်ဘူး။ ထွက်လာမှပဲ ထွက်လာတယ်ဆိုတာ ဖြစ်ချင်တယ်။ ကျနော့်ကို ဒီနေ့ထိ မမေ့သေးတဲ့ လက်တဆုပ်စာ ပရိသတ်တွေ ရှိတယ်။ ကျနော့်အခွေ ထွက်လာရင် သူတို့ကို အိမ်တိုင်ရာရောက် လက်ဆောင် လိုက်ပေးမှာ။ သီချင်းလေးတွေတော့ လုပ်ထားတယ်။ အွန်လိုင်းခေတ်ဆိုတော့ အွန်လိုင်းကနေလည်း တပုဒ်စီ ပေးနိုင်အောင် စဉ်းစားထားတယ်”
“သရုပ်ဆောင်ပိုင်းကလည်း မလုပ်တာ ကြာပြီဆိုတော့ လုပ်ဖြစ်မယ် မထင်သေးပါဘူး။ ဘယ်သူမှလည်း မကမ်းလှမ်းသေးတော့ ကျနော် ကိုယ်တိုင်ကလည်း လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး”လို့ ဟက်ကက်က ဆိုပါတယ်။
သရုပ်ဆောင် ကောင်းသလို သီချင်းဆိုလည်း ကောင်းတဲ့ ဟက်ကက်ရဲ့ “ချစ်သူ” သီချင်းဟာ ချစ်သူ စုံတွဲတွေကြားမှာ အလွန် ရေပန်းစား အောင်မြင်ခဲ့ပြီး ဟက်ကက်ဟာ အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းဝေးသွားခဲ့ပေမယ့် သူ့ရဲ့ဘဝကို ရိုးရှင်းစွာဖြတ်သန်း နေထိုင်လျက်ရှိပါတယ်။
You may also like these stories:
“ဗီဒီယိုခေတ် ပျက်တာဟာ မင်းသားသစ် ထပ်ပေါ်ဖို့ ခဲယဉ်းတယ်”လို့ နေမျိုးအောင် ပြော
ဇာတ်လမ်းတွဲတွေ ရိုက်နေတာကြောင့် ရုပ်ရှင်ကားတွေ လက်လွှတ်လိုက်ရတဲ့ ပိုးကြာဖြူခင်
သူငယ်ချင်းဖူးစုံကို အိမ်ထောင်မပြုစေချင်သေးတဲ့ သရုပ်ဆောင် သက်မွန်မြင့်
သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်