ကချင်တိုင်းရင်းသား ဒါရိုက်တာတဦးဖြစ်တဲ့ ဒေါင်လွဏ်းဟာ ရုပ်ရှင်ကားကောင်းများ ဖန်တီးနေပြီး ထူးချွန်ဆုများ ရရှိခဲ့ပေမယ့် ပရိသတ် သိရှိမှု နည်းပါးတဲ့အပေါ် အခုလို ပြောပြခဲ့ပါတယ်။
“တချို့ကျတော့ တိုင်းရင်းသားကားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုံးဝ အထင်ကြီးမှု မရှိတော့တာ။ အဲ့လိုမျိုး မဟုတ်ဘဲနဲ့ ကချင်ကားဖြစ်ဖြစ်၊ ကရင်ကားဖြစ်ဖြစ်၊ မွန်ကားဖြစ်ဖြစ်၊ ရခိုင်ကားပဲဖြစ်ဖြစ် တိုင်းရင်းသား ထွက်လာတဲ့ ကားတွေကို အားပေးရအောင်လို့။ ကချင်က လုပ်နိုင်လို့သာ ကချင်ကားဆိုပြီးထွက်လာတာလေ။ ဘယ်တိုင်းရင်းသားကဖြစ်ဖြစ် ထွက်ရင် ကြည့်ရအောင်လို့။ ဒါမှ ကျနော်တို့ နိုင်ငံလည်း ငြိမ်းချမ်းမှာလေ”လို့ ကချင်ဒါရိုက်တာ ဒေါင်လွဏ်းက ပြောပါတယ်။
မကြာခင် ရုံတင်ပြသတော့မယ့် ကချင်ပြည်နယ်က ရေမဆေး ကျောက်သမားများရဲ့ ဘဝကို ရိုက်ကူးထားတဲ့ “လောဘနွံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ကချင်တိုင်းရင်းသား သရုပ်ဆောင်များအပြင် ပရိသတ်ချစ်ခင်ပြီးသားဖြစ်တဲ့ သရုပ်ဆောင်များနဲ့ ပုံဖော်ရိုက်ကူးထားတာကို တွေ့ရပါတယ်။
“မနောမြေက ကျောက်စိမ်းကမ္ဘာမှာက အကယ်ဒမီ အထူးဆု ရခဲ့တယ်။ ဒါပေမဲ့ ပရိသတ်ရဲ့စိတ်ဝင်စားမှု၊တနိုင်ငံလုံးရဲ့စိတ်ဝင်စားမှုကျတော့ အရမ်းအားနည်းခဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်လောက်က ရိုက်ခဲ့တာ ဖြစ်တဲ့အတွက် စက်မှုအား နည်းတယ်။ အဲဒါကြောင့် ဒီတခေါက်ပြန်ပြီးတော့ ဒါလေးကို ဒီထက့် ပိုကောင်းအောင် တနိုင်ငံလုံးလည်း စိတ်ဝင်စားအောင်၊ ပရိသတ်ရှိပြီးသား ဗမာသရုပ်ဆောင်တွေကို ခေါ်ရိုက်ရခြင်းဖြစ်ပါတယ်” လို့ ဒါရိုက်တာ ဒေါင်လွဏ်းက ပြောပါတယ်။
ဒါရိုက်တာ ဒေါင်လွဏ်းကတော့ သူရိုက်ကူးထားတဲ့ “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲမှာ “ရုပ်ရှင်အထူးဆု”ကို ရရှိခဲ့ပါတယ်။
“မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကတော့ ကျောက်တူးသမားများရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး “လောဘနွံ” ရုပ်ရှင်ဇာတ်ကားကတော့ ရေမဆေးသမားများနဲ့ ကုမ္ပဏီ ပိုင်ရှင်များရဲ့ကြားမှာရှိတဲ့ ပဋိပက္ခများကို ပုံဖော်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“ပထမ ရိုက်တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာက ကျောက်တူးသမားတွေအကြောင်းကို ရိုက်တာ။ အခုကျတော့ ရေမဆေးသမားတွေပေါ့။ ကျောက်တူးသမားတွေဆိုတာက ဟိုးအရင် လုပ်ကွက် မရှိခင်က ကျောက်တူးတဲ့ ခေတ်ပေါ့။ ဖားကန့်ကို ကုမ္ပဏီတွေ ချပေးပြီးတော့ ကျောက်တူးသမားဆိုတာ မရှိတော့ဘူး။ လုပ်ကွက် ပိုင်ရှင်တွေ မြေစာစွန့်တဲ့ ပစ်လိုက်တဲ့ ဟာလေးကိုမှ ပြန်ကောက်တဲ့ ရေမဆေးပေါ့။ အဲ့လိုမျိုးတော့ ကွဲပြားပါတယ်”လို့ ဒေါင်လွဏ်းက ပြောပါတယ်။
အဆိုပါ “လောဘနွံ” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ သရုပ်ဆောင်များအဖြစ် လူမင်း၊ JZဒေါင်လွဏ်း၊ ဘုဏ်းသိုက်၊ ခင်လှိုင်၊ မင်းထက်၊ ဇော်ဒွဲခေါင်၊ အေးမြတ်သူ၊ Pဂျာဆိုင်းပူ၊ NT ဆိုင်းနွယ်နဲ့ သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားပြီး ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
You May Also Like These Stories:
ရေခဲတောင်မှာ သင်ဇာဝင့်ကျော်နဲ့အတူ ဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဒေါင်လွဏ်း