အလှမယ် ရွှေအိမ်စည်နဲ့ Miss Univer Myanmar Organization မှ National Director ဒေါ်စိုးယုဝေတို့ရဲ့ ၆၆ ဃဖြင့် အပြန်အလှန် တရားစွဲဆိုထားတဲ့ အမှုမှာတော့ ရွှေအိမ်စည်က အမှုအတွက် အချိန်များပေးရတာနဲ့ တန်အောင် ရလဒ်ကောင်းမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ယုံကြည်ချက် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်စည်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ကောင်းအောင် တွေးတယ်။ ကိုယ်အချိန်ပေးတာနဲ့ တန်အောင် ရလဒ်ကလည်း ကောင်းမယ် ထင်ပါတယ်” လို့ အလှမယ် ရွှေအိမ်စည်က ပြောပါတယ်။ အမှုအခြေအနေကတော့ စစ်ဆေးနေတုန်း အခြေအနေပဲ ရှိသေးပြီး အပြန်အလှန် တရားစွဲဆိုမှုအတွက် အာမခံများ ထားရှိပြီး တရားရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။
“အမှုက အခုမှ အစပဲ ရှိသေးတယ်။ အပြန်အလှန်အမှုကို အခုမှ တရားခံဘက်ကို စစစ်တုန်း ရှိသေးတယ်။ ၂ ခုစလုံးကတော့ ၆၆ ဃနဲ့ စွဲထားတာ။ အဓိက ဘယ်လို အကြောင်းအရာလဲဆိုရင် အိမ်စည့်ကို Notice စာပေါ့။ Miss တယောက်ရဲ့ အရည်အချင်းနဲ့ မကိုက်ညီလို့ဆိုပြီး သရဖူသိမ်းတဲ့အခါမှာ အိမ်စည့်ကို ကြိုတင်ပြီးတင်ထားတာ မဟုတ်ဘူး”
“ဆိုရှယ်မီဒီယာမှာ တင်ပြီးတော့ အိမ်စည့်ကို Email ပို့တာဆိုတော့ ဒါက ၆၆ ဃ ပေါ့။ ဆိုရှယ်မီဒီယာနဲ့ ညှိနေတဲ့အတွက် အိမ်စည့်အနေနဲ့ လုပ်လိုက်တာ။ ဘာမှ တိတိကျကျ မရှိဘဲနဲ့ စာချုပ်ထဲကဟာတွေ ထည့်ပြီးတော့ လုပ်တာဆိုတော့ ဒါက ဘယ်သူမဆို လုပ်လို့ ရတယ်လေ။ အဲဒါကြောင့် လုပ်လိုက်တာပါ” လို့ရွှေအိမ်စည်က ပြောပါတယ်။
အလှမယ်တယောက် ဖြစ်တဲ့အတွက် တရားစွဲဆို ခံရတဲ့အခါမှာ ဘယ်လိုဆုံးရှုံးနစ်နာမှုတွေဖြစ်လဲ ဆိုတာကိုလည်း ရွှေအိမ်စည်က အခုလိုပြောပါတယ်။
“အိမ်စည့်ဘာသာ ချစ်လို့သာ ဒီအနုပညာအလုပ်ကို ဆက်လုပ်နိုင်တာ။ တကယ်တော့ သူတို့ လုပ်လိုက်တဲ့အကွက်က အိမ်စည်ဆိုတာ မရှိအောင် လုပ်လိုက်တာဆိုတော့ ဘယ်သူမဆိုပေါ့နော်။ ဆက်ဆံရေးမကောင်းဘူး။ စည်းကမ်း မလိုက်နာဘူးဆိုတဲ့ လူတယောက်ကို အလုပ်တွဲလုပ်ချင်မှာ မဟုတ်ဘူး။ ဒါက ပါးပါးလေးနဲ့ ဆင်လိုက်တဲ့ သဘောပေါ့” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ရွှေအိမ်စည်ကိုတော့ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ခါနီးမှ သရဖူ အသိမ်းခံခဲ့ရသော်လည်း သူ့ရဲ့ပရိသတ်များကတော့ ပိုမိုတိုးပွားခဲ့ပြီး သရဖူကြောင့် နာမည်ကြီးတာလည်း မဟုတ်ခဲ့တာက သူ့ရဲ့ကံပဲလို့ ပြောပါတယ်။
“ဒါပေမဲ့ အိမ်စည်က ကံကောင်းသွားတာပေါ့။ သူတို့ သရဖူ သိမ်းသွားလို့ နာမည်ကြီးသွားတာလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ကံပေါ့နော်။ ကံက ကိုယ့်ဘက်မှ ာရှိနေတဲ့အခါ ပရိသတ်တွေကလည်း အမှန်တရားကိုသိနေတဲ့အတွက် ကိုယ့်ကို ပိုချစ်တယ်ပေါ့” လို့ ရွှေအိမ်စည်ကပြောပါတယ်။
ရွှေအိမ်စည်ကိုတော့ Hello Madan ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ၊ Miss universe Myanmar Organization ရဲ့ National Director ဖြစ်သူ ဒေါ်စိုးယုဝေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရွှေအိမ်စည်ကလည်း ဒေါ်စိုးယုဝေကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် ပြန်လည် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
You may also like these stories:
ပုဒ်မ ၆၆ (ဃ) ကို ပြန်လည် သုံးသပ်ရန် အစိုးရကို တိုက်တွန်း
အလှမယ် ရွှေအိမ်စည်နဲ့ ဒေါ်စိုးယုဝေတို့ရဲ့ တတိယအကြိမ် အမှုရုံးချိန်း အခြေအနေ