Entertainment

"Bond 25" ရုပ်ရှင် ရိုက်ကူးနေတဲ့ ဒါရိုက်တာ ဂိမ်းစွဲစွဲလမ်းလမ်း ဆော့တာကြောင့် ရှူတင်ချိန် နှောင့်နှေးခဲ့ရ

ဒါရိုက်တာ Cary Fukunaga ဟာ ဗီဒီယိုဂိမ်းကို စွဲစွဲလမ်းလမ်း ဆော့နေတာကြောင့် အချိန်ကုန်မှန်းမသိ ကုန်ခဲ့ပြီး “Bond 25” ရုပ်ရှင် ရှူတင်ကို အချိန်နောက်ကျပြီးမှ ရောက်လာခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကို ဖြေရှင်းပြောကြားခဲ့ပါတယ်။

UK နိုင်ငံအခြေစိုက် The Sun သတင်းရဲ့အဆိုအရ ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ရိုက်ကွင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တာဟာ ဒါရိုက်တာ Fukunaga ရဲ့ ဂိမ်းစွဲလမ်းမှုကြောင့် ဖြစ်တယ်။ အဲ့ဒီကနေတဆင့် ထုတ်လုပ်ရေး နှောင့်နှေးမှုတွေကြောင့် ရိုက်ကူးရေး ဝန်ထမ်းတွေကို အချိန်ပို အလုပ်ဆင်းစေခဲ့ရတဲ့အထိ ဖြစ်စေခဲ့တယ်ဆိုပြီးတော့ ဖော်ပြခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တခုက “ရိုက်ကွင်းမှာ တကယ့်ကိုပဲ နှောင့်နှေးမှု ရှိခဲ့ပါတယ်။ ဒါရိုက်တာ Cary က ရိုက်ကူးရေးကို အရမ်းနောက်ကျခဲ့ပြီး လူတိုင်းကို စောင့်ဆိုင်းစေခဲ့ရတာက တော်တော်လေးကို ဆိုးပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိ အလုပ်ပြီးအောင် အချိန်ပိုဆင်းဖို့ ဝန်ထမ်းတွေကို ပြောခဲ့ရပါတယ်”

“ရိုက်ကူးရေးလုပ်မယ် ဆိုရင် ဒါရိုက်တာက PlayStation ဂိမ်းဆော့နေလို့ နာရီပေါင်းများစွာ နောက်ကျနေတာမျိုး ဖြစ်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။

“Beasts of No Nation” နဲ့ HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ “True Detective” စီးရီး ပထမဆုံး Season ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Fukunaga ဟာ အဲ့ဒီအကြောင်းအရာ ကိုပယ်ချခဲ့ပြီးတော့ ဆိုရှယ်မီဒီယာကနေတဆင့် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အလုပ်ကြိုးစားကြတဲ့ “Bond 25” ရိုက်ကူးရေးဝန်ထမ်းတွေကို ဂုဏ်ပြုခဲ့ပြီးတဲ့နောက် ဒါရိုက်တာ Fukunaga က “ဒါရိုက်တာအလုပ်က ခက်ခဲပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်ဖြစ်နေဆဲပါပဲ။ ပြီးတော့ အလုပ်ကြိုးစားတဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကို မလေးမစား ဘယ်တော့မှ မလုပ်ပါဘူး။ ကျနော်တို့ဟာ တသားတည်း ရှိကြပါတယ်” လို့ ရေးသားခဲ့ပါတယ်။

“Bond 25” ရုပ်ရှင်ဟာ ကနဦးမှာ ၂၀၁၉ ခုနှစ်ထဲ ပြသဖို့ စီစဉ်ထားရာကနေ ဇာတ်ညွှန်း ပြဿနာနဲ့ မူရင်းဒါရိုက်တာ Danny Boyle ရဲ့နုတ်ထွက်မှုကြောင့် ပြသမယ့် ရက်နှောင့်နှေးခဲ့ရပါတယ်။ ဒါ့အပြင် မင်းသား Daniel Craig ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တာကြောင့် ရိုက်ကူးရေးကို သီတင်းနှစ်ပတ်ကြာ ရက်နားခဲ့ရတာကြောင့် နှောင့်နှေးရတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ထုတ်လုပ်ရေးအဖွဲ့ကတော့ ရုပ်ရှင်ကို ကြေညာထားတဲ့အတိုင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ဆိုထားပါတယ်။

Ref: etcanada

You may also like these stories:

ဖောက်ခွဲမှုများပါဝင်သည့် ဇာတ်ဝင်ခန်းများရိုက်ကူးမှုကြောင့် “Bond 25” ရုပ်ရှင်ဆန္ဒပြခံရ

ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ် “Bond 25” ကို ၂၀၁၉ ခုနှစ်မှာ ပြသမည်

“Bond 25” ရုပ်ရှင်ပြသမယ့်အချိန်ကို ၂၀၂၀ ခုနှစ်အထိ နောက်ဆုတ်

Loading