ကချင်ပြည်နယ်ဖားကန့်မှာရှိတဲ့ ရေမဆေးကျောက်သမားများရဲ့ ဘဝများကိုပုံဖော်ရိုက်ကူးထားတဲ့ “လောဘနွံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် ဘုဏ်းသိုက်က ရေမဆေး ကျောက်တူးသမားတယောက်အဖြစ် သရုပ်ဆောင် ထားတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
“ကျနော့်ကာရိုက်တာကတော့ ရေချမ်းတဲ့။ ရေမဆေးကျောက်ရှာတဲ့ ကျောက်တူးသမားတယောက်။ လာတုန်းက ရည်ရွယ်ချက်တမျိုး ရောက်တော့ မှော်ထဲမှာတွေ့တာတွေနဲ့ဘဝကတမျိုးပြောင်းသွားတဲ့ပုံစံပါ” လို့ သရုပ်ဆောင် ဘုဏ်းသိုက်က ပြောပါတယ်။
တခြားသော ဇာတ်ရုပ်များနဲ့မတူညီဘဲ အပြင်မှာ ဖြစ်ပျက်လျက်ရှိတဲ့ ဘဝများကို ပြန်လည်ပုံဖော်ရတဲ့အတွက် အခက်အခဲရှိတဲ့အပိုင်းများကိုလည်း ပြောပြခဲ့ပါတယ်။
“အခက်အခဲကတော့ ရန်ကုန်မြို့လို Public Area မှာရိုက်တာမဟုတ်ဘဲနဲ့ တောတွေတောင်တွေ မြေစာပုံတွေ လုပ်ကွက်တွေ နယ်မြေမအေးချမ်းမှုတွေ အဲဒီကြားထဲမှာရိုက်ရတာဖြစ်တဲ့အတွက်ကြောင့် အခက်အခဲက ဒီကားထဲမှာတော်တော်များပါတယ်”
“ ပြီးတော့လည်း ရေမဆေးသမားတွေနဲ့တချိန်လုံး တူတူနေနေတာဆိုတော့ မရိုက်ခင်ရော ရိုက်နေတုန်းရော ရိုက်ပြီးတဲ့အချိန်ရော ရန်ကုန်ကယူသွားတဲ့ အဝတ်အစားတွေတောင် မဝတ်ဖြစ်ဘူး။ သူတို့အတိုင်းပဲနေတော့ သူတို့ရဲ့ အခက်အခဲတွေကိုမြင်တွေ့နေရတယ်” လို့ ဘုဏ်းသိုက်ကပြောပါတယ်။
“လောဘနွံ” ရုပ်ရှင်ဇာတ်ကားကတော့ တခြားသောပေါ့ပေါ့ပါးပါးအချစ်ကားများနဲ့ မတူညီဘဲ ကြည့်ရှုတဲ့ ပရိသတ် အတွက် ရသတခုပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။
“ဒီကားကို တခေါက်ပဲကြည့်ရသေးတယ်။ အကြမ်းကြည့်ရသလောက်တော့ ဇာတ်ရုပ်တခုမှာ ဟန်လုပ်နေတာမျိုး သရုပ်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့ တကယ်ဖြစ်နေတဲ့အခမ်းအကျင်းတွေကို တကယ်ဖြစ်နေတဲ့အတိုင်း ပြခဲ့နိုင်တယ်။ Location အရရော လူအင်အားအရရော ကျောက်တလုံးတွေ့ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာရော ပြခဲ့နိုင်တယ်”
“တခြားပေါ့ပေါ့ပါးပါးအချစ်ကားထက် ဒီကားက ကြည့်တဲ့သူအတွက် သေချာပေါက် အရသာတခု မဟုတ် တခုရှိမှာသေချာတယ်” လို့ ဘုဏ်းသိုက်ကပြောပါတယ်။
အဲ့ဒီဒေသကိုတော့ ရည်ရွယ်ချက်ကောင်းများနဲ့ လာရောက်ခဲ့ပေမယ့် မူးယစ်ဆေးဝါးဆေးဝါးရဲ့ သားကောင် များဖြစ်သွားကြတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
“မူးယစ်ဆေးဝါးသုံးစွဲနေတာတော့ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့်မြေစာပုံတွေထဲမှာ သွားရိုက်နေတော့ ဆေးထိုးအပ် တွေဘာတွေတွေ့တော့ စိတ်မကောင်းဘူး။ လာတုန်းကရည်ရွယ်ချက်လေးတွေက ဘယ်သူမှတော့ ဆေးသမားလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူးလေ”
“ဒီလာပြီးတော့ အကြောင်းကြောင်းကြောင့် မအောင်မြင်တဲ့အခါ လမ်းကြောင်းတွေလွဲသွားတဲ့အခါမှာ စိတ်မကောင်းဘူး” လို့ ဘုဏ်းသိုက်ကပြောပါတယ်။
“လောဘနွံ” ရုပ်ရှင်ဇာတ်ကားကိုတော့ ကချင်ဒါရိုက်တာဒေါင်လွဏ်းကရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် လူမင်း ၊ JZဒေါင်လွဏ်း ၊ ဘုဏ်းသိုက် ၊ ခင်လှိုင် ၊ မင်းထက် ၊ ဇော်ဒွဲခေါင် ၊ အေးမြတ်သူ ၊ Pဂျာဆိုင်းပူ ၊ NT ဆိုင်းနွယ် နဲ့သရုပ်ဆောင်များစွာက သရုပ်ဆောင်ထားပြီး ဇွန်လ ၂၇ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
You may also like these stories:
“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော
အသက် ၃၀ မတိုင်ခင်ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြခဲ့တဲ့ Taylor Swift
သမီးလေးကြောင့် အနုပညာလှုပ်ရှားမှုတွေ လျှော့ချလိုက်တဲ့ မော်ဒယ် လုလုအောင်