Entertainment

ထိုင်းဘာသာစကား လေ့လာတော့မယ့် သရုပ်ဆောင် ယွန်းယွန်း

Want create site? Find Free WordPress Themes and plugins.

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ယွန်းယွန်းက ထိုင်းနိုင်ငံနဲ့ ဖက်စပ်အနုပညာလုပ်ငန်းတွေ လုပ်ကိုင်မှာမို့ ထိုင်းဘာသာစကားကို လေ့လာနေတယ်လို့ ဆိုပါတယ်။

“ အခုလတ်တလောက ကျောင်းတဖက်နဲ့ ထိုင်းနဲ့ ဖက်စပ်အနုပညာလေးလုပ်ဖို့ စီစဉ်နေတယ်။ ကြော်ငြာအလုပ်လေး တွေလည်း ပါတယ်။ ရုပ်ရှင် အလုပ်လေးတွေလည်းပါတယ်။ အချိန်ရရင်တော့ ထိုင်းစကားလေ့လာဖို့လုပ်နေပါတယ်။ အခုနောက်ပိုင်းထိုင်းနဲ့ လုပ်ရတဲ့ အလုပ်လေးတွေလည်းရှိလာတော့ ရုပ်ရှင်ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် သွားလည်တဲ့ နေရာမှာပဲဖြစ်ဖြစ် အသုံးဝင်မယ်လို့ထင်တယ်”

“ အဲ့အတွက် ထိုင်းစာသင်တာပါ။ အသစ်အဆန်းဆို အကုန်လုံးလုပ်ချင်တာ ပျော်နေတာပဲဆိုတော့ လေ့လာနေတာ အခုထိတော့ မခက်သေးပါဘူး။ ထိုင်းစာက အခုမှအစဆိုတော့ သူ့စကားကတော့ ပြောလိုက်ရင် သူ့အသံတော့ ထွက်မှာပါ။ တမင်တော့ မပြောပါဘူး။ ကိုယ်တိုင်က မိန်းကလေးဖြစ်တာတောင်ချွဲပြီး သိပ်မပြောတတ်တာ။ ထိုင်းအသံကို သူတို့ နားလည်အောင်တော့ ပြောမှာပေါ့”

“လောလောဆယ်တော့ မြန်မာလိုရယ် အင်္ဂလိပ်လိုရယ် အခုထိုင်းရယ်ပေါ့။ ကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့ နိုင်ငံခြားဘာသာစကားတော့ မရှိသေးဘူး။ အဲ့အတွက် ကိုရီးယားသင်ချင်တယ်။ တရုတ်စာလည်း သင်ချင်တယ်။ လေးငါးမျိုးလောက်တော့ သင်ချင်သေးတယ် ”လို့ သရုပ်ဆောင် ယွန်းယွန်းကဆိုပါတယ်။

ဆယ်ကျော်သက်ပုံစံလေးတွေကို သရုပ်ဆောင်သွားမယ့် ယွန်းယွန်းက ဆိုက်ကိုနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပိုရိုက်ချင်တယ်လို့ဆိုပါတယ်။

“ဒီနှစ်ကုန်ပိုင်းလောက်မှာ ကားကြီးတွေ ပြန်ရိုက်တော့မှာဆိုတော့ လိုအပ်တာတွေ ပြင်ဆင်နေပါတယ်။ ညီမအရွယ်နဲ့ လိုက်ဖက်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးကာရိုက်တာတွေ သရုပ်ဆောင်သွားမယ်။ ပြောင်းလဲမှုကလည်းလုပ် ရမှာပဲ ညီမဘက်ကလည်း အသစ်အသစ်တွေ ကြိုးစားနေမှ စောင့်ကြည့်ရတဲ့ ပရိသတ်ကလည်း ကြည့်ရကျိုးနပ်မှာဆိုတော့ ညီမကတော့ အသစ်သစ်တွေတော့ လုပ်မှာပါ”

“သူတို့ အတွက် အဆင်သစ်မဖြစ်သေးတဲ့ ပြောင်းလဲမှုတော့ မလုပ်သေးပါဘူး။ ဝိတ်မချဘူး။ ကိုယ်တိုင်က Psychology တက်နေတဲ့အခါကျတော့ Psychology နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရုပ်ရှင်တွေ ကြည့်ဖြစ်တော့ ဆိုက်ကိုနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ပိုရိုက်ချင်တယ်။ ဒီမှာက အဲ့လိုဇာတ်ကို ရိုက်ရင် ပရိသတ်ကြည့်ပါ့မလား ဆိုတာတော့ ထည့်တွက်နေရတယ်” လို့ ယွန်းယွန်းကဆိုပါတယ်။

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ကလေးသရုပ်ဆောင် တယောက် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ အသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading