YG အင်တာတိန်းမန့် ထူထောင်သူ Yang Hyun Suk ကနေ စတင်ခဲ့တဲ့ ပြည့်တန်ဆာ ဝန်ဆောင်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အဆိုတော် Psy ကို စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၃ ရက်နေ့မှာ မလေးရှားစီးပွားရေးလုပ်ငန်းရှင် Jho Low အတွက် Yang Hyun Suk က ပြည့်တန်ဆာ ဝန်ဆောင်မှုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းဖို့ အစောပိုင်းတုန်းက Psy ကို ခေါ်ယူခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ဇွန်လ ၁၇ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်အထိ သူ့ကိုမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလမှာတော့ MBC ရုပ်သံလိုင်းရဲ့ “Straight” အစီအစဉ်ကနေ Yang Hyun Suk ဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတုန်းက အရှေ့တောင်အာရှက ရင်းနှီးမြုပ်နှံသူနှစ်ဦးကို ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့တယ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေကို တင်ဆက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲက တယောက်ဟာ စီးပွားရေးလုပ်ငန်းရှင် Jho Low ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီသတင်း ဖော်ပြချက်အရ Yang Hyun Suk ဟာ ပွဲတခုဆီ အမျိုးသမီး ၂၅ ဦးကို ဖိတ်ကြားခဲ့ပြီး အဲ့ဒီထဲမှာ မဒမ်ဂျောင်လို့ခေါ်တဲ့ အမျိုးသမီးတဦးကနေ ခေါ်လာတဲ့အမျိုးသမီး ၁၀ ဦးပါဝင်တယ်လု့ိ သိရပါတယ်။ အဲဒီအမျိုးသမီး ဂျောင်ကိုလည်း ဇွန်လ ၁၈ ရက်နေ့မှာပဲ စစ်ဆေးမေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
အမျိုးသမီးအချို့ဟာ အဲ့ဒီညစာစားပွဲကို တက်ရောက်ခဲ့တာအမှန်ဖြစ်ပေမယ့် ပြည့်တန်ဆာကိစ္စအတွက် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တရားဝင်ထုတ်ပြန်ချက်တခုမှာလည်း Yang Hyun Suk က “အဲ့ဒီ ညစာစားပွဲကို သူတက်ခဲ့တာ အမှန်ဖြစ်ပေမယ့် ပြည့်တန်ဆာဝန်ဆောင်မှုမျိုး မလုပ်ခဲ့ဘဲ ညစာစားပွဲအတွက် လည်း သူအကုန်ကျခံရှင်းပေးခဲ့တာ မဟုတ်တဲ့အကြောင်း” ပြောဆိုထားပါတယ်။
ဒါ့အပြင် ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း အဆက်အသွယ် ထပ်မရှိတော့တဲ့အပြင် မဒမ်ဂျောင်ကိုလည်း သိပေမယ့် အဲ့ဒီမှာရှိနေခဲ့တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မသိဘူးလို့လည်း ဆိုပါတယ်။
အဲ့ဒီသတင်းတွေထွက်ခဲ့ပြီးတဲ့နောက် ညစာစားပွဲမှာ Yang Hyun Suk နဲ့အတူ ပါဝင်ခဲ့တဲ့ နာမည်ကျော် အဆိုတော်ဟာ အဲ့ဒီအချိန်တုန်းက YG အင်တာတိန်းမန့်လက်အောက်မှာရှိတဲ့ Psy ဖြစ်တယ်ဆိုတဲ့ သံသယတွေ မြင့်တက်လာခဲ့ပါတယ်။ အခုတော့ ရဲတပ်ဖွဲ့က Psy နဲ့ မဒမ်ဂျောင်တို့ရဲ့ စစ်ချက်တွေကို အသုံးပြုပြီး မကြာခင် Yang Hyun Suk ကို စစ်ဆေးမေးမြန်းနိုင်ဖို့ရာ သက်သေစုဆောင်းနေတယ်လို့ ဆိုပါတယ်။
မေလတုန်းကထုတ်လွှင့်ခဲ့တဲ့ “Straight” အစီအစဉ်နဲ့ ပတ်သက်လို့ Psy က အခြေအနေကို သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်ကနေ ရှင်းပြခဲ့ပါတယ်။ သူက “Jho Low နဲ့သူ့ရဲ့ အဖွဲ့ဟာ အာရှခရီးစဉ် တစိတ်တပိုင်း အနေနဲ့ ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့တဲ့အချိန်မှာ ညစာစားပွဲတက်ဖု့ိ Yang Hyun Suk နဲ့ ကျနော့်ကို ဖိတ်ကြားခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့သူတချို့နဲ့ စားသောက်ခဲ့ပြီးတဲ့အချိန်မှာပဲ Yang Hyun Suk နဲ့ ကျနော်က ပထမဆုံးထပြန်ခဲ့ပါတယ်” လို့ဆိုပါတယ်။
Yang Hyun Suk ကို Jho Low နဲ့ မိတ်ဆက်ပေးခဲ့တာ သူဖြစ်ပေမယ့် အခုရင်ဆိုင်နေရတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ သူမသိရှိဘူးလို့ဆိုထားပါတယ်။
Ref:soompi
You May Also Like These Stories:
ဖျော်ဖြေရေး အေဂျင်စီထူထောင်လိုက်တဲ့ အဆိုတော် Psy
Psy ရဲ့ ကုမ္ပဏီနဲ့ လက်မှတ်ထိုးလိုက်တဲ့ HyunA တို့ စုံတွဲ