အိပ်မက်ဆုံရာ ပြိုင်ပွဲဝင်တဦးအဖြစ် ပရိသတ်ရင်ထဲမှာ နေရာတခု ရထားတဲ့ Hazel က အနုပညာလောကနဲ့ အနည်းငယ် အလှမ်းဝေးနေပြီး နောက်ပိုင်း The Voice Myanmar Season 2 မှာ သူ့ရဲ့ အနုပညာ အရည်အသွေးကို အပြည့်အဝ ချပြခဲ့ပြီး Final အထိ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပါတယ်။ Hazel က Final Round မှာ သူမ ပြိုင်ပွဲဝင်ခဲ့တဲ့ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းကြောင့် ဝေဖန်ခံခဲ့ရပြီး အဲဒီ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောပြထားပါတယ်။
မေး ။ ။ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းကြောင့် ဝေဖန်မှုတွေရှိခဲ့တဲ့အပေါ် ဟေဇယ့် အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ဟေဇယ်လည်း အတိုက်အခိုက်တွေကြားထဲ စိတ်ဓါတ်ကတော့ တက်လိုက် ကျလိုက်ပေါ့။ မမနီနဲ့ ဖုန်းပြောတော့ မမက အမြဲအားပေးတယ်။ ဖုန်းပြောတုန်းတော့ အားတက်တယ်။ ပြီးတော့ စိတ်မကောင်းပြန် ဖြစ်ရတယ်။ ဟေဇယ်တို့ကတော့ ကြိုးစားမှုကို ချပြတာပဲ။ ကြိုးစားမှုမှာ အမှားပါရင်လည်း ပါမယ်၊ မပါရင်လည်း မပါဘူး။ ရှု့ထောင့် အမျိုးမျိုး ကြည့်လို့ ရတယ်။ ဘယ်သီချင်းမှာမှ Confidence မရှိခဲ့တဲ့ ဟေဇယ်က ပြိုင်ပွဲနေ့မှာ ဆိုတဲ့ သီချင်းကိုတော့ Confidence ရှိရှိ ဆိုနိုင်ခဲ့တာပါ။
ကိုယ့်ကိုယ့်ကိုယ် ကျေနပ်ပြီး နေလာခဲ့တာ။ အမှားရှိခဲ့ရင်လည်း မတွေးချင်တော့ဘူး။ အဲ့အတွက် နောင်တမရချင်တော့ဘူး။ ဟေဇယ် ခံစားရတာတွေကို ပရိသတ်ကို ချပြချင်တယ်။ ဟေဇယ့်ကို အနုပညာ အစ်ကို၊ အစ်မတွေက ဝန်းရံပေးကြတယ်။ ဒီရိုက်ခတ်မှုကြီးက အရမ်းကြီးမားတယ်။ နောက် ဟေဇယ့် မိသားစု၊ သူတို့ကပါ စိတ်ပင်ပန်းရတယ်။ တကယ်တမ်းတော့ ကိုယ်အကောင်းဆုံး လုပ်ခဲ့တယ်။ ကောင်းသော လာခြင်းနဲ့ ကိုယ့်အသံလေးကို ပရိသတ်တွေကြိုက်ပြီး သူတို့ကို ဆိုပြချင်တဲ့ ရည်ရွယ်ချက်ကြောင့် လာခဲ့တာပါ။ လူကြီးတွေက ပြောပြတော့ ဟေဇယ်တို့ လိုက်နာသင့်တာတွေ ရှောင်ကြဉ်သင့်တာတွေတော့ ရခဲ့တာပေါ့။
မေး ။ ။ ပြိုင်ပွဲမှာ ကတည်းက မြန်မာသံစဉ်သီချင်း ဆိုခဲ့တာကို ကြိုက်တဲ့ ပရိသတ်တွေလည်း ရှိတော့ နောက်ပိုင်းမှာရော မြန်မာသံသီချင်းတွေ ဆိုဖြစ်ဦးမလား။
ဖြေ ။ ။ ဖြစ်မလာနိုင်ပါဘူး။ မြန်မာသံစဉ် သီချင်းတွေက ကိုယ့်အတွက်တော့ အရမ်းကို ခက်ခဲနက်နဲတဲ့ဘာသာရပ်တခု ဖြစ်ပါတယ်။ ကိုယ့်အသံနဲ့က ခေတ်သီချင်းတွေကို ပိုအားသာနေတော့ ကိုယ် မကျွမ်းကျင်တဲ့ ဘာသာရပ်ကို လုပ်ရတာ အရမ်းကို တာဝန်ကြီးတာကြောင့် နောက်ပိုင်း လုပ်ဖြစ်ဖို့တော့ မရှိပါဘူး။ ကိုယ့်အတွက်လည်း စိတ်အရမ်းပင်ပန်းပါတယ်။ အခုအချိန်ထိတော့ ငါဘယ်လို သီချင်းပုံစံတွေကိုပဲ ဆိုသွား မယ် ဆိုတာမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ်တော့ သီချင်းတပုဒ်ကိုပဲ အကောင်းဆုံး ထွက်နိုင်အောင် အရင်ကြိုးစားမယ်။ နောက်ပိုင်းတွေကိုတော့ သိပ်မတွေးထားဖြစ်သေးပါဘူး။
မေး ။ ။ နောက်ပိုင်းတွေမှာရော ပြိုင်ပွဲတွေ ထပ်ဝင်ဖို့ အစီအစဉ် ရှိသေးလား။
ဖြေ။ ။ ပြိုင်ပွဲကတော့ မပြိုင်တော့ပါဘူး။ ဒီပြိုင်ပွဲကတော့ ကိုယ့်အတွက် နောက်ဆုံးပြိုင်ပွဲပါပဲ။ ကိုယ့်ဘဝမှာ ပြိုင်ပွဲနှစ်ခု ပြိုင်ခဲ့တယ်။ အဲ့ဒီ ပြိုင်ပွဲနှစ်ခုစလုံးက ရခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီးတော့ ရှေ့ဆက်မယ့် အနုပညာလမ်းကြောင်းမှာ အသုံးချသွားမယ်လို့ စဉ်းစားထားပါတယ်။ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေလည်း ရှိတယ်။ အဓိကကတော့ ကိုယ်လုပ်ခဲ့တယ် ဆိုတဲ့ သမိုင်းမှတ်တမ်းလေး ကျန်ခဲ့ချင်တာ ဖြစ်ပါတယ်။ နောက်လူတွေ ပြိုင်ပါစေတော့။
မေး ။ ။ ဒီ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းကို အပြင်ပွဲတွေမှာ ဆိုဖု့ိ ရှိမလား။
ဖြေ ။ ။ ပြိုင်ပွဲမို့ ပြိုင်ပွဲတင်ပြီးသွားပါပြီ။ ပြိုင်ပွဲဆိုတော့ ပြိုင်ပွဲအလျောက် အထိုက်အသင့် ကြိုးစားမှုကို ပြကြတာပါ။ ဒီသီချင်းက ဒီပြိုင်ပွဲတင် ပြီးသွားပါပြီ။ ဒီသီချင်းကို ဆက်ပြီး မဆိုတော့ပါဘူး။ ပရိသတ်တွေက တောင်းဆိုရင်တော့ တပိုဒ်လောက်ပဲ ဆိုပြမယ်၊ အပြသဘောလောက်ပါပဲ။ ကိုယ့်သီချင်းနဲ့ကိုယ် ပေါက်ချင်ပါတယ်။ ဟေဇယ်လည်း ဟေဇယ့် သီချင်းနဲ့ပဲ အောင်မြင်မှု ရချင်လို့ အစွမ်းကုန် ကြိုးစားနေပါတယ်။
မေး ။ ။ မိဘတွေကရော အနုပညာအလုပ်ကို အားပေးလား။ ပံ့ပိုးပေးတာမျိုးရော ရှိလား။
ဖြေ။ ။ ဟေဇယ်က အိမ်မှာ အငယ်ဆုံး။ အထက်မှာလည်း အစ်မတွေ။ မိဘတွေကိုလည်း ဘာမှ ပြန်မထောက်ပံ့နိုင်သေးဘူး။ ဘာအလုပ်မှလည်း မရှိသေးဘူး။ ပြိုင်ပွဲဝင်မယ်ဆိုတုန်းကတော့ မိဘက တားတယ်။ တားလို့ မရတော့ နောက်က ပံ့ပိုပေးရတာဘဲ။ ပြိုင်ပွဲမှာလည်း မိဘတွေက Winner တော့ ရစေချင်တာပေါ့။ ဟေဇယ်လည်း ဂုဏ်ယူရတဲ့ သားသမီးတယောက် ဖြစ်ချင်တာပေါ့။ တကယ်လို့ Winner ရရင် မိဘတွေ ပျော်မှာ။ အဲ့ပီတိတော့ ဖြစ်စေချင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဂုဏ်ယူရတဲ့ သမီးဖြစ်အောင်တော့ ကြိုးစားမှာပါ။
မေး ။ ။ သရုပ်ဆောင်အနေနဲ့ ကမ်းလှမ်းလာရင် လုပ်ကိုင်ဖြစ်မလား။
ဖြေ ။ ။ ငယ်ငယ်လေးကတည်းက ဆိုဖို့ပဲ အားသန်တာ။ အဆိုတော်ပဲ ဖြစ်ချင်ခဲ့တာ။ ထီပေါက်လို့ ဘာလုပ်ချင်လည်း မေးရင် အခွေထုတ်ချင်တာ။ သရုပ်ဆောင် ကမ်းလှမ်းလာရင်ဆိုတာတော့ မတွေးဖူးဘူး။ အနုပညာအလုပ်ကို ဘယ်အရာဖြစ်ဖြစ် လုပ်ကြည့်ချင်ပါတယ်။ ။
You may also like these stories:
“တစ်ကျော့နှစ်ကျော့ တေးကိုသီ”သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူးလို့ ဟေဇယ် ပြော
“သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင်လည်း လုပ်ဖို့အစီအစဉ်ရှိတယ်” လို့ Paul Austin ပြော
ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo
အနုပညာအလုပ်တွေ ဆက်လုပ်မှာမို့ ပရိသတ်တွေ စိတ်အေးအေးထားကြဖို့ Paul Austin ပြော