မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ The Voice Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာ Winner ရရှိခဲ့တဲ့ နိုဗန်ထူးက Top 2 အဆင့်ထိ ရောက်ခဲ့တဲ့ Paul Austin အား Winner ဆုကို မကြေညာခင်မှာ တယောက်ယောက်က Winner ရရှိခဲ့ပါက နောက်တယောက်ကိုပါ ပမာဏတခု ပေးရမယ်ဆိုတဲ့ သဘောတူချက် ပြုလုပ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အဲဒါက အတည်ပြောတာပါ။ ဘာဖြစ်လို့လဲဆိုရင် စဉ်းစားကြည့်လေ ဒုတိယရတဲ့လူက ဘာမှ မရဘဲနဲ့ ဒိုးသွားရမှာ။ မဟုတ်သေးဘူးပေါ့။ အဲဒါနဲ့ သူ့ကိုလည်း ဖြဲခြောက်ရတာပေါ့။ ငါ့မှာလည်း နိုင်ခွင့်က ၅၀ ရာခိုင်နှုန်းရှိတယ်။ မင်းလည်း ၅၀ ရာခိုင်နှုန်း ရှိတယ်။ ဘယ်လောက်ပေးမယ်ပေါ့နော်။ ပထမက များတဲ့ပမာဏကနေပြောကြည့်တယ်။ နောက်တော့ နည်းနည်း ထပ်လျော့လိုက်တယ်။ အခုတော့ ကျနော် သူ့ကိုပေးရတော့မှာပါ။ ဘယ်လောက်နဲ့ သဘောတူလိုက်လဲ ဆိုတာတော့ မပြောပြပါဘူး” လို့ နိုဗန်ထူးက ဧရာဝတီကို ပြောပါတယ်။
နောက်ဆုံးသဘောတူခဲ့ကြတဲ့ ပမာဏကိုတော့ မပြောပြခဲ့ပေမယ့် ဆုကြေးငွေရရှိပါက ပေးရတော့မှာဖြစ်တယ်လို့ နိုဗန်ထူးကပြောပါတယ်။ ပြိုင်ပွဲဝင်ကြတဲ့ အဆိုရှင်များနဲ့လည်း ဂီတအမျိုးအစားချင်းမတူညီကြပေမယ့် လူသားအနေနဲ့ အပေါင်းအသင်း ပြုလုပ်တာကြောင့် အကုန်လုံးနဲ့လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
“ဂီတအမျိုးအစား မတူကြတော့ပေမယ့် ကျနော်တို့တွေက လူသားကို ပေါင်းတာလေ။ သူ့ဘာသာ ဘာကြိုက်ကြိုက်ပဲ။ အဲဒီအပေါ်မှာတော့ အေးဆေးပါပဲ။ ကျနော်က သူတို့တွေထက် ကြီးတယ်။ ညီတွေ ညီမတွေလို့ပဲ ခံစားပါတယ်”
“Paul ဆိုရင်အေးတယ်။ စကားတွေဘာတွေမပြောဘူး။ ကိုယ်ကပဲ ဟီးဟားနဲ့ သွားပြောရတာပေါ့။ အကုန်လုံးနဲ့ ကျနော်နဲ့ကလည်း ဟီးဟားပါပဲ။ ကျေနပ်တယ်ဗျာ။ ဒီပြိုင်ပွဲမှာက သူငယ်ချင်း မိတ်ဆွေတွေ အများကြီးရလိုက်ပါတယ်” လို့ နိုဗန်ထူးက ပြောပါတယ်။
နောက်ပိုင်းသူ့ရဲ့ Solo အခွေပြုလုပ်တဲ့အခါမှာလည်း မတူညီတဲ့ အမျိုးအစားများနဲ့ ဖန်တီးသွားမှာဖြစ်ပြီး သူရူးသွပ်တဲ့ Metal ဂီတကလည်း သီးသန့်ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်က ကျနော့် Solo Project ကတော့ သီးသန့်ရှိပါတယ်။ အဲ့ထဲမှာတော့ အကုန်ပါမယ်။ ကျနော်တို့ Band ဖြစ်တဲ့ Extant Band ကတော့ Metal သီးသန့်သွားမှာပါ။ သူများတွေ အကြံပေးသလို အပြင်းတဝက်တို့၊ အပျော့တဝက်တို့ လုပ်မှာ မဟုတ်ပါဘူး။ ကျနော့် Extant ကို သီးသန့် ကျနော်တို့ကြိုက်တဲ့ အထာကို ရအောင် သွားမယ်။ ကြိုက်ကြိုက် ၊ မကြိုက်ကြိုက်ပေါ့။ အီတာလေးတွေ ချိုတာလေးတွေကတော့ တတ်နိုင်သလောက်ရေးမယ်ပေါ့” လို့ နိုဗန်ထူးက ပြောပါတယ်။
နိုဗန်ထူး ဆုရရှိခဲ့အပေါ်မှာ ဝေဖန်မှုများရှိနေပြီး တဖက်မှာလည်း ဂီတလောကကြီးကို ပုံမှန်မြင်တွေ့နေကျထဲမှ ဖောက်ထွက်ချင်တဲ့ လူငယ်များရဲ့ အားပေးမှုကိုများစွာ ရရှိခဲ့ပါတယ်။ ဒီလိုဆုရရှိခဲ့တာဟာ လူငယ်တွေကို ကိုယ်စားပြုနိုင်မလား ဆိုတာကိုလည်း အခုလိုပြောခဲ့ပါတယ်။
“Metal နဲ့ဆုရသွားပေမယ့် Metal ကိုယ်စားပြုကြီးလို့ မပြောရဲဘူး။ ကျနော် နိုင်သလောက်လေး ဝင်ထမ်းတာ။ Metal မှာက ဂိုဏ်းချုပ်ကြီးတွေ ဆရာကြီးတွေ ရှိပြီးသား။ ကိုယ်က အငယ်ဆိုပြီးတော့လည်း အရမ်းငယ်တဲ့ထဲတော့ မပါပါဘူး။ နည်းနည်းတော့ ကြီးနေပြီ။ ကိုယ်စားပြု ဆိုတာကြီးတော့ မခံယူထားပါဘူး”
“ကျနော် ကိုယ်ကြိုက်တဲ့ ဂီတကို နေရာတနေရာ ရဖို့အတွက် ကျနော်လည်း တတ်နိုင်တဲ့နေရာကနေ ဝင်ကြည့်တဲ့ ပုံစံပါပဲ။ ခေါင်းဆောင်ဖို့တို့ မင်းတို့ရှေ့က ဦးဆောင်တာတို့ ဘာတို့ မဟုတ်ပါဘူး။ တပ်သားအနေနဲ့ပဲ လှုပ်ရှားတာပေါ့” လို့ နိုဗန်ထူးကပြောပါတယ်။
နိုဗန်ထူးက ဂီတလောကထဲကို ရောက်ရှိလာခဲ့တာ အချိန်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အပြောင်းအလဲ တခုကို လိုချင်တဲ့အတွက် The Voice Myanmar Season 2 ကို ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ Band ဖြစ်တဲ့ Extant နဲ့လည်း သီချင်းများကို ဖန်တီးနေလျက်ရှိပါတယ်။
You May Also Like These Stories:
ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo
“သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင်လည်း လုပ်ဖို့အစီအစဉ်ရှိတယ်” လို့ Paul Austin ပြော