မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက သူ့ရဲ့ Facebook အကောင့်မှာ တလတာ ငွေကြေး အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး တင်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြပါတယ်။
“ကျနော် အသုံးစရိတ် များတယ်ဆိုပြီး တင်ဖြစ်တာက အသုံးစရိတ်များတယ်တော့ မဟုတ်ဘူး။ တကယ် ချမ်းသာတဲ့သူတွေအတွက်က သူများကို လှူသလောက် ပိုက်ဆံလောက်ပဲ ရှိတယ်။ ကျနော်တို့အတွက်ကကျတော့ ကြိုးစားပြီး ရှာထားတဲ့ ပိုက်ဆံဆိုတော့ နှမြောတယ်။ ငွေရှာရ အရမ်းခက်တယ်။ ဒီလ အသုံးစရိတ်ကတော့ တကယ်များတယ်။ သူများကို ကူညီတဲ့ ပိုက်ဆံတွေ အသားတင် အများကြီးပဲ”
“အကြွေးတွေ သူများကို ချေးထားတာ တပြားမှ မရသေးဘူး။ အခုလည်း ထပ်လာချေးနေလို့ အဲ့စာ တင်လိုက်တာ။ ကျနော် ရှာတဲ့ပိုက်ဆံက ကျနော့် မိသားစုအတွက်ပဲ။ ကျနော့်ပိုက်ဆံ ဘဏ်မှာပဲ စုတယ်။ ကျနော့်ဆီကို အခက်အခဲရှိလို့ ရောက်လာပြီး ပြောပြတော့ သနားပြီ ချေးတယ်။ သိန်း ၅၀ ပါသွားပြန်ပြီ။ သိန်း ၆၀ ပါသွားပြီ။ မရတဲ့ ပိုက်ဆံတွေလည်း ရှိတယ်။ တချို့ဟာတွေ တရားစွဲသွားဖို့ ရှိတယ်။ တချို့တွေက သနားတာနဲ့ မတန်ဘူး”လို့ ပိုင်တံခွန်က ပြောပါတယ်။
ပိုက်ဆံကို အရမ်းချွေတာတဲ့ ပိုင်တံခွန်က အသုံးစရိတ်တွေကို သူ့နေရာနဲ့သူ သုံးတယ်လို့ ပြောပါတယ်။
“ကျနော်က ပိုက်ဆံ အရမ်းချွေတာတယ်။ တလ ဘယ်လောက် ဆိုတဲ့ အသုံးစရိတ်လည်း သတ်မှတ်ထားတယ်။ ဘာမှ မသုံးဘဲ ဆီဖိုးထည့်တာတွေ စားတာ၊ သောက်တာတွေနဲ့ အဲဒါတွေအတွက် အသုံးစရိတ်တွေကို သူ့နေရာနဲ့သူ သုံးရတယ်။ ကျနော် ပုံမှန် မင်းသား၊ မင်းသမီး ဘယ်လိုသုံးလဲတော့ ကျနော် မသိဘူး။ ငွေက ရှာရခက်သလို သုံးရတာ လွယ်တယ်။ ပျက်စီးတာလည်း လွယ်တယ်။ အဲ့တော့ ဆရာမက ကျနော့်ကို အမြဲပြောတဲ့ စကား ရှိတယ်။ ငွေကို ချစ်ပါတဲ့။ အဲဒါကို လက်ကိုင်ထားတယ်။ လူငယ်တွေလည်း ငွေကို ချစ်ပါ၊ စုဆောင်းပါလို့ ပြောချင်တယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာ အောင်မြင်သလို သရုပ်ဆောင် အလုပ်မှာလည်း ကြိုးစားနေတသူ တဦးပါ။ ဂီတမှာလည်း ဝါသနာပါတဲ့ ပိုင်တံခွန်က တကိုယ်တော် Mini Album “ချစ်သူ” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါတယ်။ မကြာသေးခင်ကလည်း ပိုင်တံခွန်က သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ၊ “သူ ဘယ်သူလဲ” စတဲ့ ရုပ်သံစီးရီးတို့ကို ရိုက်ကူးထားပါသေးတယ်။
You may also like these stories:
သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ရိုက်ကူးနေတဲ့ ပိုင်တံခွန်
“အနုပညာရပ်ဝန်း အရိပ်အောက်မှာပဲ ရှိနေပါတယ်”လို့ ပြောတဲ့ ဟက်ကက်