ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး ဝတ်မှုံရွှေရည်ကတော့ အလှအပကို ဂရုစိုက်သလို လှလှလေးနေပြီး ထိန်းသိမ်းနေမှ ပရိသတ်က ကိုယ့်ကို စံနမူနာယူပြီး နေကြမှာလို့ ပြောပါတယ်။
“ကစ်က ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်တယ်။ ဒါကလည်း ကိုယ့်အလုပ်လေ။ အနုပညာရှင် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကိုလည်း ဂရုစိုက်ရသလို အလှအပပိုင်းကိုလည်း ဂရုစိုက်ရတယ်။ ကိုယ်က လှလှလေးနေပြီး ထိန်းသိမ်းနေမှ အလှအပမှာ ကိုယ့်ကို စံနမူနာယူပြီး နေကြမှာပေါ့”
“မိန်းကလေး ဆိုတာကလည်း လှချင်ကြတယ်။ ကိုယ်က လှအောင်နေတော့ ဘယ်သူပဲဖြစ်ဖြစ် လှချင်ပြီးတော့ သူတို့လည်း သူတို့ကိုယ်သူတို့ ဂရုစိုက်ချင်စိတ်တွေ ဖြစ်မယ်။ ဂရုစိုက်ကြမှာပေါ့။ ကစ်က တတ်နိုင်သလောက်တော့ အလှအပရော၊ ခန္ဓာကိုယ်ရော ဘက်ပေါင်းစုံက ထိန်းသိမ်းတယ်။ ဂရုစိုက်တယ်”လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအဖြစ် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ကားအတွက် ကိုရီးယားဘက်မှာ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီးပြီလို့ ဆိုပါတယ်။
“ကစ်ကို အမြဲတမ်း အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အမြဲတမ်းပြောနေကျ ကစ် ကြိုး စားနေပါတယ်။ တိမ်တွေပေါ်ကပန်း ဇာတ်ကားအတွက် ကိုးရီးယားမှာ ရိုက်ရမှာတွေ ရိုက်လာပြီးပြီ။ အတွေ့အကြုံအသစ်တွေလည်း အများကြီးရတယ်”
“ဘယ်နေရာမှာမဆို ယဉ်ကျေးမှု မတူ၊ ဘာသာစကားလည်း မတူတော့ အခက်အခဲတွေ အဆင်မပြေမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်။ အခုလည်း ‘နှစ်ပတ်အလို’ ဇာတ်ကား ရုံတင်နေပါပြီ။ မကြာခင်လည်း ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင် လာပါတော့မယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု” ရရှိထားပြီး ၂၀၁၄ ခုနှစ်မှာတော့ “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”တို့ ရရှိထားပါတယ်။ ဇွန်လ ၉ ရက်နေ့ကလည်း တောင်ကိုရီယားနိုင်ငံ၊ ဆိုးလ်မြို့ Olympic Hall မှာ ပြုလုပ်ခဲ့တဲ့ Asia Model Awards ပွဲမှာ Asia Special Award ရရှိခဲ့ပါတယ်။
You may also like these stories:
ကိုရီးယားမင်းသားနဲ့ တွဲပြီး ရိုက်မယ့် ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဝတ်မှုံရွှေရည်
ဂျပန်ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ အတွေ့အကြုံကိုပြောပြတဲ့ ဝတ်မှုံရွှေရည်
တောင်ကိုးရီးယားမှာ ကျင်းပတဲ့ Asia Model Awards ဆုပေးပွဲမှာ ဆုရရှိခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ ဟန်တီ