ဒေါ်လာ ၃၅ သန်းထပ်ရမှ “Avatar” ကို ကျော်ဖြတ်နိုင်မယ့် တကျော့ပြန် “Avengers: Endgame” ရုပ်ရှင်
Disney ရုပ်ရှင်ထုတ်လုပ်ရေးကနေ တကျော့ပြန် “Avengers: Endgame” ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ ပြန်လည်ပြသဖို့ အချိန်က သီတင်းတပတ်တောင် မလိုတော့ပါဘူး။ ကမ္ဘာပေါ်မှာလက်ရှိအချိန်အထိ ဝင်ငွေအများဆုံး ရုပ်ရှင်လို့ သတ်မှတ်ထားတဲ့ ဒါရိုက်တာကြီး James Cameron ရဲ့ “Avatar” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ရာ တကျော့ပြန်လာခဲ့တဲ့ ရုပ်ရှင်ဟာ ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာပါ့မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Marvel စူပါဟီးရိုးရုပ်ရှင်ရဲ့ ဝင်ငွေဟာ လက်ရှိမှာ ဒေါ်လာ ၂ ဒဿမ ၇၅ ဘီလီယံဖြစ်ပြီး “Avatar” ရုပ်ရှင်ကတော့ ဒေါ်လာ ၂ ဒဿမ ၇၈၈ ဘီလီယံဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
အခုတကျော့ပြန်တင်မယ့် ရုပ်ရှင်မှာဆိုရင်တော့ လက်ရှိအချိန်အထိ ရုံတင်ပြသနေဆဲဖြစ်တဲ့ မူရင်းဗားရှင်းမှာ ပါမလာခဲ့တဲ့ အထူးဇာတ်ဝင်ခန်းတခု ပါဝင်လာမှာပါ။ အခုသီတင်းပတ်မှာတော့ အဲ့ဒီဗားရှင်းအဟောင်းဟာ ဝင်ငွေ ဒေါ်လာ ၂ သန်းနီးပါး ထပ်ရခဲ့ပါတယ်။ ဗားရှင်းအသစ်မှာဆိုရင်တော့ Stan Lee အတွက် အထူးဂုဏ်ပြုမယ့် အစီအစဉ်ပါဝင်လာမှာဖြစ်တယ်လို့ Marvel ဥက္ကဋ္ဌ Kevin Feige က ပြောဆိုထားပါတယ်။
ပြီးတော့ တကျော့ပြန်တင်မယ့် ရုပ်ရှင်ဟာ မကြာမီရုံတင်တော့မယ့် “Spider-Man: Far From Home” အတွက် စိတ်ဝင်စားမှု မြင့်တက်အောင် ကြိုးပမ်းမှုတခုလို့လည်းဆိုကြပါတယ်။ အမေရိကန်မှာ ဇူလိုင်လ ၂ ရက်နေ့ Far From Home ရုံမတင်ခင် ခန့်မှန်းထားတဲ့ ရုံဝင်ငွေပြည့်မီဖို့ အချိန်သီတင်းတပတ်သာ ရပါတယ်။
တကျော့ပြန်လာမယ့် Endgame ရုပ်ရှင်ဟာ “Avatar” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်လွန်နိုင်ဖို့ ဆိုရင် ကမ္ဘာတဝန်းမှာ ဒေါ်လာ ၃၅ သန်းထပ်ရဖို့လိုပါတယ်။ “Avatar” ရုပ်ရှင်ဟာ ၂၀၁၀ ခုနှစ်မှာ ရုံပြန်တင်ခဲ့ဖူးပြီး ၉ မိနစ်ကြာ ဗီဒီယိုပါလာခဲ့တဲ့ အဲ့ဒီဗားရှင်းအသစ်ဟာ ဝင်ငွေ ဒေါ်လာ ၃၃ ဒဿမ ၂ သန်းရရှိခဲ့ပါတယ်။
နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာကြီး Cameron ရဲ့ Titanic ရုပ်ရှင် 3D ဗားရှင်းဟာ ဒေါ်လာ သန်း ၃၅၀ ထပ်ရခဲ့ပြီးတော့ စုစုပေါင်းရုံဝင်ငွေမှာ ဒေါ်လာ ၂ ဘီလီယံကို ကျော်လွန် သွားစေခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ပြန်လည်ပြသတဲ့ရုပ်ရှင်အတွက် ရုံဝင်ငွေအများစုက တရုတ်နိုင်ငံကနေ ရရှိတာ ဖြစ်ပါတယ်။
Titanic ရုပ်ရှင်ရဲ့ အောင်မြင်မှုနဲ့အတူ ဒါရိုက်တာကြီး Steven Spielberg ဟာလည်း ပထမဆုံး “Jurassic World” ရုပ်ရှင်ကို ပြန်လည်ပြသခဲ့ပြီး ဒေါ်လာ သန်း ၁၀၀ ထပ်ဆောင်းရရှိခဲ့ပါတယ်။
“The Lion King” ပြန်လည်ပြသမှုကတော့ ဒေါ်လာ သန်း ၂၀၀ ဝင်ငွေရခဲ့ပါတယ်။ ဒါပေမယ့် တခုထူးခြားတာက ဘယ်လိုမျိုး ပြန်လည်ပြသတဲ့ ရုပ်ရှင်တွေကမှ “Endgame” လိုမျိုး လက်ရှိဗားရှင်းအဟောင်းကို ပြသနေဆဲအချိန်မှာ ဗားရှင်းအသစ်ကို ပြသတာမျိုးတော့ မရှိခဲ့ပါဘူး။
Ref: hindustantimes
You may also like these stories:
နောက်ဆက်တွဲ ရုပ်ရှင်တွေနဲ့အတူ ပြန်လာတော့မယ့် “Avator” ရုပ်ရှင်
“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.
ဇာတ်ဝင်ခန်း အသစ်တွေနဲ့ ရုံပြန်တင်မယ့် “Avengers: Endgame” ရုပ်ရှင်
Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”